ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးခြောက်သုံးစွဲမှုကို ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးရည်ရွယ်ချက်များအတွက်သာ ကန့်သတ်ရန် ပိုမိုတင်းကျပ်သည့် စည်းမျဉ်းများနှင့် ပြစ်ဒဏ်များကို ချမှတ်လိုက်သည်။ ယခင်က အရေးယူမှုအပိုင်းတွင် တိကျမှုမရှိဘဲ ဝေဖန်မှုများရှိခဲ့သဖြင့် ယခုအခါ လိုင်စင်ရဆေးခြောက်လုပ်ငန်းများအတွက် ပြစ်ဒဏ်များကို ရှင်းလင်းစွာ အဆင့်ဆင့်ခွဲခြား သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။ အစီရင်ခံစာမတင်ပြခြင်း သို့မဟုတ် ကြော်ငြာခြင်းစသည့် အထွေထွေစည်းကမ်းချိုးဖောက်ပါက လိုင်စင် ရက်ပေါင်း ၃၀၊ ဆရာဝန်ထောက်ခံစာမပါဘဲ ရောင်းချပါက ရက်ပေါင်း ၉၀ ယာယီပိတ်သိမ်းမည်ဖြစ်ပြီး၊ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များကို ရောင်းချခြင်း၊ အွန်လိုင်းမှရောင်းချခြင်းနှင့် ဆိုင်၌တင် သုံးစွဲခွင့်ပြုခြင်းစသည့် ပြင်းထန်သော ချိုးဖောက်မှုများရှိပါက လိုင်စင်ကို အပြီးအပိုင်ရုပ်သိမ်းမည်ဖြစ်သည်။ လတ်တလောတွင် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ဆေးခြောက်ဆိုင်ပေါင်း ၁,၂၄၇ ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးဘက်ဆိုင်ရာမဟုတ်ဘဲ ရောင်းချနေသည့် ဆိုင်အချို့ကို တွေ့ရှိခဲ့ရပြီး၊ ပြည်သူများ တိုင်ကြားနိုင်ရန်အတွက်လည်း လိုင်းတစ်ခု ဖွင့်လှစ်ပေးထားကြောင်းသိရသည်။



