ကမ္ဘာ့ဖလားပြိုင်ပွဲသို့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရရှိထားသည့် ကိပ်ဗာဒီလက်ရွေးစင်အသင်း ဂိုးသမား ဗိုဇင်ညာက မိခင်ဖြစ်သူ လာရောက်အားပေးသည့် ဥရုဂွေးအသင်းနှင့်ပွဲစဉ်တွင် နှစ်ဂိုးစီသရေရလဒ် ရရှိခဲ့သည့်အတွက် အလွန်ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
စပိန်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်အပြီးတွင် ဆင်းရဲနွမ်းပါးသည့် မိသားစုအခြေအနေကြောင့် ဗီဇာအာမခံကြေးမတတ်နိုင်သဖြင့် မိခင်ဖြစ်သူကို ပွဲကြည့်ရန် ခေါ်ဆောင်မလာနိုင်၍ ဗိုဇင်ညာ ကွင်းအတွင်း ငိုကြွေးခဲ့ရသည်။ ယင်းသတင်းကို သိရှိပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖီဖာ (FIFA) နှင့် ကိပ်ဗာဒီအာဏာပိုင်များနှင့် ချိတ်ဆက်ကာ မိခင်ဖြစ်သူအား ဗီဇာကြေးကင်းလွတ်ခွင့်ဖြင့် အမေရိကန်သို့ အရောက်လာနိုင်ရန် စီမံပေးခဲ့ခြင်း ဖြစ်သည်။ဗိုဇင်ညာက ပြိုင်ပွဲမစခင်က ၎င်းတို့အသင်းအား စောစောစီးစီး အိမ်ပြန်ရမည့်အသင်းဟု သတ်မှတ်ခဲ့ကြသော်လည်း လက်ရှိတွင် အုပ်စုအဖွင့်ပွဲနှစ်ပွဲစလုံး၌ ထိပ်သီးအသင်းကြီးများကို သရေခံကစားနိုင်ခဲ့သဖြင့် အလွန်ပျော်ရွှင်ရကြောင်းနှင့် မိခင်ရှေ့တွင် မရှုံးအောင် ကစားပြနိုင်ခဲ့၍ မိခင်ဖြစ်သူလည်း ကျေနပ်လိမ့်မည်ဟု ဆိုသည်။ ကိပ်ဗာဒီအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆော်ဒီအာရေဗျအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အနိုင်ရရှိပါက ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်၍ နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် မြင့်မားနေကြောင်း သိရသည်။


