ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ပလတ်စတစ်လုပ်ငန်းတစ်ခုတွင် နည်းပညာသုံး၍ တရားမဝင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေမှုကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး၊ ဒဏ်ကြေးငွေ ကျပ်သိန်း ၁,၅၀၀ ကျော် ချမှတ်ကာ လုပ်ငန်းရှင်အား ဥပဒေအရ ထိရောက်စွာ အရေးယူထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများ ပပျောက်စေရန်နှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းစေရန်အတွက် ၂၀၂၆ ခုနှစ် စီမံချက်အစုအဖွဲ့ ၂၄ အဖွဲ့ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာမှ သိရှိခဲ့ခြင်းဖြစ်သည်။ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ အဆိုပါ ပလတ်စတစ်လုပ်ငန်းတွင် တပ်ဆင်ထားသော မီတာ၏ Cover Seal နှင့် Terminal Seal များကို မသမာသောနည်းဖြင့် ပြုပြင်ပြီး၊ မီတာအတွင်း၌ Control Circuit (ထိန်းချုပ်ပတ်လမ်း) တစ်ခုခံကာ လျှပ်စစ်ဓာတ်အားကို ခိုးယူသုံးစွဲနေကြောင်း အသေးစိတ် စစ်ဆေးတွေ့ရှိခဲ့ရသည်။ယခု လျှပ်စစ်ဓာတ်အားခိုးယူမှုဖြစ်စဉ်ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား ၃၀၁,၄၃၄ ယူနစ် နစ်နာဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ဆုံးရှုံးမှုအတွက် ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေ စုစုပေါင်း ကျပ် ၁၅၁,၀၁၇,၂၆၀ (ကျပ်သိန်း ၁,၅၁၀ ကျော်) ကို ဇွန်လ ၁၉ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) သို့ ပေးဆောင်စေခဲ့သည်။ ထို့အပြင် လုပ်ငန်းခွင်ရှိ မီတာအား ချက်ချင်းဖြုတ်သိမ်းခဲ့ပြီး၊ လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် ရယူသုံးစွဲခဲ့သည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေအရ အရေးယူနိုင်ရန် မှော်ဘီမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ဆက်လက်အရေးယူဆောင်ရွက်နေကြောင်း ဇွန်လ ၂၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
Jun 23 • 1:43 AM
Myanmar
Yangon
Share
| 9 | 0 | 0 | 0 |


