ဂျပန်အစိုးရသည် နိုင်ငံခြားသားများအတွက် ဗီဇာထုတ်ပေးခနှုန်းထားများကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ တိုးမြှင့်ကောက်ခံသွားရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ ယခုကဲ့သို့ ဗီဇာကြေးမြှင့်တင်ခြင်းသည် ၁၉၇၈ ခုနှစ်နောက်ပိုင်း ၄၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။အဆိုပါ ဆုံးဖြတ်ချက်အရ Single-entry (တစ်ကြိမ်ဝင်ခွင့်) ဗီဇာကြေးကို လက်ရှိ ယန်း ၃,၀၀၀ မှ ယန်း ၁၅,၀၀၀ (ကန်ဒေါ်လာ ၉၀ ခန့်) သို့လည်းကောင်း၊ Multiple-entry (အကြိမ်ကြိမ်ဝင်ခွင့်) ဗီဇာကြေးကို ယန်း ၆,၀၀၀ မှ ယန်း ၃၀,၀၀၀ သို့လည်းကောင်း ၅ ဆအထိ သိသိသာသာ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။ဂျပန်အစိုးရအနေဖြင့် ပြည်တွင်းငွေကြေးဖောင်းပွမှုနှင့် ယန်းငွေတန်ဖိုး ကျဆင်းလာမှုတို့ကြောင့် ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်ခများကို အနောက်နိုင်ငံများ၏ ကောက်ခံမှုနှုန်းထားများနှင့် ညီမျှစေရန် ယခုကဲ့သို့ ပြင်ဆင်ရခြင်းဖြစ်ကြောင်း၊ ရရှိလာမည့် အပိုဘဏ္ဍာငွေများကို တိုးပွားလာသည့် နိုင်ငံခြားသားဦးရေ စီမံခန့်ခွဲမှုစနစ်များနှင့် ကမ္ဘာလှည့်ခရီးသွား အလွန်အကျွံဝင်ရောက်မှု (Overtourism) ဖြေရှင်းရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်းထားသည်။ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ကမူ ယခုဗီဇာခ တိုးမြှင့်မှုကြောင့် နိုင်ငံတွင်းသို့ ဝင်ရောက်မည့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍအပေါ် ချက်ချင်းသက်ရောက်မှု ရှိလာလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်က ၄၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသား ဗီဇာကြေးများကို ဇူလိုင်လမှစ၍ ၅ ဆအထိ တိုးမြှင့်မည်
Jun 22 • 4:07 AM
Japan
Local News
Share
| 0 | 0 | 0 | 0 |


