မလေးရှားစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu (မတ်ဆာဘူ) က ထိုင်းနိုင်ငံမှ ပုစွန်များ ယာယီတင်သွင်းခွင့် ပိတ်ပင်ထားသည့် ကိစ္စရပ်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကျိုးစီးပွားကို ကာကွယ်နိုင်မည့် အဖြေတစ်ခု ရရှိစေရန်အတွက် လက်ရှိတွင် အထူးအလေးထား ဆွေးနွေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။အဆိုပါ ကုန်သွယ်ရေးတင်းမာမှုသည် ပြီးခဲ့သည့် မေလအတွင်းက ထိုင်းအာဏာပိုင်များက မလေးရှားနိုင်ငံထုတ် ကတ်တလင်းငါး (Sea bass) များတွင် ဓာတုဗေဒနှင့် ပဋိဇီဝဆေးဝါး အကြွင်းအကျန်များ ပါဝင်သည်ဟုဆိုကာ စစ်ဆေးမှုများ တင်းကျပ်ခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မလေးရှားဘက်ကလည်း ဇီဝလုံခြုံရေးနှင့် စားနပ်ရိက္ခာဘေးကင်းရေးကို အကြောင်းပြ၍ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံမှ ပုစွန်မျိုးစိတ် ၅ မျိုး (Whiteleg, Giant tiger, Banana, Brown tiger နှင့် Blue shrimp) တင်သွင်းမှုကို ယာယီပိတ်ပင်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
လက်ရှိတွင် ဝန်ကြီးဌာနအနေဖြင့် မလေးရှား၏ ရပိုင်ခွင့်နှင့် အကျိုးစီးပွားကို ကာကွယ်ရန် ကြိုးပမ်းနေပြီး၊ ထိုင်းနိုင်ငံဘက်မှ ပေးပို့လာသည့် ဒေတာအချက်အလက်များနှင့် မေးခွန်းလွှာတုံ့ပြန်ချက်များကို စိစစ်သုံးသပ်နေသည်။ ဤပြဿနာကို နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုဖြင့် မဖြေရှင်းနိုင်ပါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် အာဆီယံ (ASEAN) အဆင့်အထိ တင်ပြဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ထိုင်းဘက်က ပြောဆိုထားသော်လည်း၊ မလေးရှား ဒုတိယဝန်ကြီး Chan Foong Hin ကမူ လက်ရှိဆွေးနွေးမှုများသည် အပြုသဘောဆောင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း ပြောကြားထားသည်။


