back

ပုဂံတွင် ရှေးဟောင်းအမွေအနှစ် ယွန်းထည်လုပ်ငန်းဈေးကွက် ဆက်တိုက်ကျဆင်းနေပြီး လုပ်ငန်းရှင်များ ရုန်းကန်နေရ

Jun 22 • 4:04 AM

breaking-news

Myanmar

Mandalay

cover

ပုဂံတွင် ရှေးဟောင်းအမွေအနှစ် ယွန်းထည်လုပ်ငန်းဈေးကွက် ဆက်တိုက်ကျဆင်းနေပြီး လုပ်ငန်းရှင်များ ရုန်းကန်နေရ

ရှေးနှစ်ပေါင်း တစ်ထောင်ခန့်ကတည်းက ထွန်းကားခဲ့သည့် ပုဂံ၏ ရှေးဟောင်းအမွေအနှစ် ယွန်းထည်ဈေးကွက်သည် ကိုဗစ်ကာလမှစတင်ကာ ယနေ့အထိ ဆက်တိုက်ကျဆင်းနေပြီး၊ လက်ရှိတွင် ယခင်ရေ...

ရှေးနှစ်ပေါင်း တစ်ထောင်ခန့်ကတည်းက ထွန်းကားခဲ့သည့် ပုဂံ၏ ရှေးဟောင်းအမွေအနှစ် ယွန်းထည်ဈေးကွက်သည် ကိုဗစ်ကာလမှစတင်ကာ ယနေ့အထိ ဆက်တိုက်ကျဆင်းနေပြီး၊ လက်ရှိတွင် ယခင်ရောင်းအား၏ ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း "Bagan House" ယွန်းထည်လုပ်ငန်း တည်ထောင်သူ ဒေါ်မော်မော်အောင်က ပြောကြားသည်။ယခင်က နိုင်ငံခြားသားဧည့်သည်အုပ်စုများစွာ ဝင်ရောက်ခဲ့သော်လည်း ယခုအခါ ပြည်တွင်းပြည်ပ စီးပွားရေးမကောင်းမှုများကြောင့် ဝယ်ယူသူ အလွန်နည်းပါးသွားရာ၊ ယွန်းပညာရှင်များနှင့် ဝန်ထမ်းအင်အားကိုလည်း ယခင်ကထက် ၄ ဆခန့် လျှော့ချကာ လုပ်ငန်းမပျောက်ပျက်အောင် ကျားကန်ထိန်းသိမ်းနေရသည်။ယွန်းထည်ဈေးကွက် ပြန်လည်ဦးမော့လာစေရန် ယခင်ရိုးရာ ဆွမ်းအုပ်၊ ထမင်းချိုင့်၊ ကွမ်းအစ်များအပြင် ခေတ်ပေါ်ဒီဇိုင်းများဖြစ်သည့် ယွန်းဆွဲကြိုး၊ စလင်းဘက်အိတ်နှင့် ယပ်တောင်များကို တီထွင်ထုတ်လုပ်လာရာ လူငယ်များ၏ စိတ်ဝင်စားအားပေးမှု ရရှိလာသည်။ လက်ရှိတွင် ယွန်းလက်ကိုင်အိတ်တစ်လုံးလျှင် အနိမ့်ဆုံး ၄ သိန်း၊ ၅ သိန်းမှ ၉ သိန်းဝန်းကျင်အထိ ရှိပြီး၊ ရွှေအစစ်ဖြင့် ပြုလုပ်ထားပါက ကျပ် ၁၅ သိန်းအထိ ပေါက်ဈေးရှိနေသည်။ယခုကဲ့သို့ ယွန်းထည်ဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့်ဖြစ်ပြီး၊ ယခင်က ကျပ် ၂ သိန်း၊ ၃ သိန်းခန့်သာရှိသည့် သစ်စေးတစ်ပုံးလျှင် ကျပ် ၁၀ သိန်းခန့်၊ အရောင်ခြယ်သည့် ဟင်္သာပြဒါး (အနီရောင်ဆေး) တစ်ပိဿာလျှင် ကျပ်သိန်း ၈၀ ခန့်အထိ ဈေးနှုန်းများ အဆမတန် တက်သွားခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ယွန်းပညာရှင်များ၏ လုပ်အားခကိုလည်း တစ်ရက်လျှင် အနည်းဆုံး ကျပ်နှစ်သောင်းခန့်အထိ တိုးမြှင့်ပေးရခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်သည်။ ဝါးနှင့် သစ်စေးကို အခြေခံသည့် ယွန်းထည်ပစ္စည်းတစ်ခု ကုန်ချောထွက်ရန် အနည်းဆုံး ၆ လခန့် ကြာမြင့်ပြီး၊ ယွန်းဆွမ်းအုပ်ကြီးများ ဖြစ်ပါက အချိန် ၂ နှစ်ခန့်အထိ လက်ဝင်တလုပ်ကိုင်ရကြောင်း သိရသည်။

news-view-count-icon

9