ထိုင်းအာဏာပိုင်များသည် ဖူးခက်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၃၀,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ နိုင်ငံခြားသား ရှယ်ယာရှင်ပါဝင်သော ကုမ္ပဏီ ၁၁,၀၀၀ ကျော် ရှိနေပြီး၊ ထိုအထဲမှ ဥပဒေဖောက်ဖျက်ကာ ထိုင်းနိုင်ငံသားများကို အမည်ခံ (Nominee) စနစ်ဖြင့် လုပ်ကိုင်နေသည်ဟု သံသယရှိရသည့် ကုမ္ပဏီ ၆၀၀ ကျော်ကို စိစစ်ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အာဏာပိုင်အဖွဲ့အစည်းပေါင်းစုံ ပူးပေါင်းကာ ကသူခရိုင်အတွင်းရှိ ပတွန်းကမ်းခြေဒေသရှိ ဟိုတယ်၊ ကားငှားလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် စားသောက်ဆိုင်များကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။ယခုလုပ်ဆောင်ချက်သည် ခရီးသွားလုပ်ငန်း အဓိကပြည်နယ်များရှိ တရားမဝင်ပိုင်ဆိုင်မှုများကို နှိမ်နင်းခြင်းဖြစ်ပြီး၊ ဥပဒေအရ အရေးယူရန် သတ်မှတ်ထားသည့် ပစ်မှတ်အုပ်စုများကို ဆင့်ခေါ်စာနှင့် ဖမ်းဝရမ်းများ ထုတ်ပြန်ထားပြီး ဖြစ်သည်။ ထို့ပြင် ဖူးခက်၊ ကရာဘီနှင့် ဖန်ငါ ကမ်းရိုးတန်းသုံးပြည်နယ်တွင် Nominee စနစ်ဖြင့် ပတ်သက်နေသည့် တရားမဝင် မြေကွက်ပေါင်း ၄၆ Rai (ခန့်မှန်းတန်ဖိုး ဘတ် ၁.၀၅၃ ဘီလီယံကျော်) ကိုလည်း သိမ်းဆည်းခြင်း သို့မဟုတ် ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်နေသည်။အာဏာပိုင်များက ဤသို့လုပ်ဆောင်ခြင်းမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်ခြင်းမဟုတ်ဘဲ တရားမျှတမှုရှိစေရန်နှင့် ထိုင်းဥပဒေကို လိုက်နာစေရန်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ပြင် ဥပဒေအကြံပေးကုမ္ပဏီများ၊ စာရင်းကိုင်ရုံးများနှင့် စီးပွားရေးအတိုင်ပင်ခံများအနေဖြင့် နိုင်ငံခြားသားများအတွက် ထိုင်းအမည်ခံ Nominee များ ပြုလုပ်ပေးခြင်း မပြုကြရန် သတိပေးထားပြီး၊ ဖူးခက်၏ နိုင်ငံတကာခရီးသွားကဏ္ဍ ယုံကြည်မှုကို ထိန်းသိမ်းရန် ဥပဒေအတိုင်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဖူးခက်တွင် Nominee နှင့် ပတ်သက်ပြီး ကုမ္ပဏီ ၃၀,၀၀၀ ကျော်ကို စစ်ဆေးရာ ၆၀၀ ကျော်အား သံသယစာရင်းထဲ ထည့်သွင်းထား
Jun 21 • 2:09 AM
Thailand
Local News
Share
| 7 | 0 | 0 | 0 |


