တစ်သက်တာအမျိုးသားစာပေဆုရှင် ဘာသာပြန်စာရေးဆရာကြီး ဦးတင်မောင်မြင့်သည် ဇွန်လ ၁၈ ရက် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်ပြီး ဆရာကြီးသည် ၁၉၆၁ ခုနှစ်မှစတင်ကာ ဘီအိုစီကုမ္ပဏီတွင် လုပ်ကိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်းအရာရှိအဖြစ် အငြိမ်းစားယူခဲ့သလို၊ သည်းဦးပန်းမဂ္ဂဇင်းနှင့် သတင်းမဂ္ဂဇင်းတို့တွင်လည်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။စာပေလောကတွင် ဘာသာပြန်စာအုပ်ပေါင်း ၁၀၀ ကျော် ရေးသားခဲ့သည့် ဆရာကြီးသည် ‘မာကျူရီ’ (၂၀၀၁)၊ ‘တောင်ပံမဲ့သင်းကွဲတေးဆိုငှက်’ (၂၀၀၄)၊ ‘အနက်ရောင်အိမ်မက်စိမ်းမြမေတ္တာ’ (၂၀၀၇)၊ ‘မျှော်’ (၂၀၁၁) နှင့် ‘ပြစ်မှုနှင့်ပြစ်ဒဏ်’ (၂၀၁၂) စာအုပ်များဖြင့် အမျိုးသားစာပေဆုများကို ဆွတ်ခူးရရှိခဲ့သည်။ ထို့ပြင် စာပေကဏ္ဍအတွက် တစ်သက်တာလုံး အကျိုးပြုခဲ့မှုကြောင့် ၂၀၁၈ ခုနှစ်တွင် ‘တစ်သက်တာအမျိုးသားစာပေဆု’ ကို ထပ်မံချီးမြှင့်ခြင်းခံခဲ့ရသည်။

Jun 19 • 1:40 AM
Myanmar
Local
Share
| 40 | 0 | 0 | 0 |


