တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှိုးနင်ခရိုင်ရှိ ကျေးရွာများတွင် လာမည့် တွမ်းဝူပွဲတော် (ဒေါင်းလှေပွဲတော်) ဈေးကွက်သို့ တင်ပို့ရန်အတွက် လတ်ဆတ်သည့် ဝါးရွက်များကို ပြုပြင်ခြင်းနှင့် ရိုးရာကောက်ညှင်းထုပ် (Zongzi) ပြုလုပ်ခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ “ဟွေးကျိုး၏ ကောက်ညှင်းထုပ်ဇာတိမြေ” ဟု ကျော်ကြားသော ရှီရန်ကျေးရွာတွင် ရိုးရာလက်မှုပညာဖြင့် ထုတ်လုပ်သည့် ကောက်ညှင်းထုပ်လုပ်ငန်းကြောင့် တစ်ရွာလုံး၏ နှစ်စဉ်ရောင်းအားမှာ တရုတ်ယွမ်ငွေ ၉ သိန်းအထိ ရှိသည်။ အလားတူ ရှီးထျန်ကျေးရွာတွင်လည်း တောတောင်များမှထွက်ရှိသည့် ဝါးရွက်အရင်းအမြစ်များကို ကုန်ချောထုတ်လုပ်သည့် ထိပ်တန်းလုပ်ငန်းအသွင် ပြောင်းလဲခဲ့ရာ ဒေသခံများအတွက် အိမ်ရှေ့တွင်ပင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခဲ့သည်။ ယခုကဲ့သို့ စိမ်းစိုသည့် ဝါးရွက်များနှင့် မွှေးရနံ့သင်းပျံ့သော ကောက်ညှင်းထုပ်လုပ်ငန်းများသည် ဒေသခံတို့၏ တွမ်းဝူပွဲတော် အမှတ်တရများကို ဆောင်ကြဉ်းပေးနေရုံသာမက၊ ကျေးရွာသူ ကျေးရွာသားများ ဝင်ငွေတိုးပွားစေပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းမောင်းသန် ဖြစ်စေကြောင်း သိရသည်။



