မြန်မာနိုင်ငံ၏ အဓိကဆန်စပါးစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးရာသီမကျမီ နေအိမ်များကို ပြန်လည်ပြုပြင်ဆောက်လုပ်လေ့ရှိသော်လည်း၊ ယခုနှစ်တွင် အထွေထွေကုန်ကျစရိတ်မြင့်တက်မှုနှင့် လက်သမားခဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် နေအိမ်မွမ်းမံပြင်ဆင်သူ အလွန်နည်းပါးသွားကြောင်း သိရသည်။ ကျေးလက်ဒေသများ၌ သစ်၊ ဝါး၊ ဓနိ၊ သက်ကယ်တို့ဖြင့် ဆောက်လုပ်ထားသော နေအိမ်များကို မိုးဒဏ်လေဒဏ်ခံနိုင်ရန် (၃) နှစ်လျှင် တစ်ကြိမ် ပုံမှန်ပြုပြင်လေ့ရှိသော်လည်း၊ ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်၍ စပါးအထွက်နှုန်း ထက်ဝက်နီးပါးကျဆင်းခြင်း၊ သွင်းအားစုစရိတ်ကြီးမြင့်ခြင်းနှင့် စပါးဈေးကွက်မကောင်းခြင်းတို့ကြောင့် တောင်သူများ လက်ဝယ်ငွေကြေးမကျန်ရှိတော့ဘဲ နေလို့မရတော့သည့်အခြေအနေမှသာ ပြင်ဆင်သည့်စနစ်သို့ ပြောင်းလဲလာခဲ့သည်။ ယင်းသို့ ကျေးလက်စိုက်ပျိုးရေးစီးပွားရေး အဆင်မပြေမှုကြောင့် နောက်ဆက်တွဲအနေဖြင့် ယခင်နွေဦးကာလများတွင် အိမ်ဆောက်အိမ်ပြင်လုပ်ငန်းများဖြင့် အလုပ်ရှုပ်လေ့ရှိသည့် ကျေးလက်လက်သမားဆရာများမှာလည်း လုပ်ငန်းခွင်ပျောက်ဆုံးကာ အခြားနေ့စားအလုပ်ကြမ်းများကို ပြောင်းလဲလုပ်ကိုင်နေရသဖြင့် ဝင်ငွေများစွာထိခိုက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ အောက်ပိုင်းရှိ ဒေသများ၌ ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် မိုးမကျမီ နေအိမ်ပြုပြင်ဆောက်လုပ်သူ ယခုနှစ်တွင် နည်းပါးလာ
Jun 18 • 3:51 AM
Myanmar
Local
Share
| 34 | 0 | 0 | 0 |


