ဂျပန်နိုင်ငံ အရှေ့ပိုင်းရထားလမ်းကုမ္ပဏီ (JR East) သည် တိုကျိုမြို့မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ဆက်သွယ်ပေးထားသည့် သမိုင်းဝင် အူအဲနိုဘူတာရုံကြီး (Ueno Station) ကို အနုပညာနှင့် နည်းပညာပေါင်းစပ်ထားသော ယဉ်ကျေးမှုဆိုင်ရာ တံခါးပေါက် (Cultural Innovation Hub) အဖြစ် ပြောင်းလဲမည့် စီမံကိန်းအသစ်ကို ဇွန်လ ၁၆ ရက် (အင်္ဂါနေ့) က စတင်မိတ်ဆက်လိုက်သည်။ ယခုစီမံကိန်းကို ဒေသန္တရအစိုးရများနှင့် အနီးနားရှိ ယဉ်ကျေးမှုအဖွဲ့အစည်းများ ပူးပေါင်းကာ ဘူတာရုံအဆင့်မြှင့်တင်မှု အစိတ်အပိုင်းတစ်ခုအဖြစ် ဖော်ဆောင်ခြင်းဖြစ်သည်။
ဘူတာရုံ၏ ဗဟိုလက်မှတ်ဖြတ်ဂိတ်အပြင်ဘက်ရှိ ကျယ်ဝန်းသော လူသွားစင်္ကြံတွင် ဘူတာရုံ၏ သမိုင်းကြောင်းနှင့် ဗီဒီယိုများကို ပြသပေးမည့် ဒစ်ဂျစ်တယ်စခရင်အကြီးစား (Large digital screen) တစ်ခုကို တပ်ဆင်ထားသည်။ ထို့ပြင် ဘူတာရုံအတွင်း ပြသထားသည့် နာမည်ကြီးပန်းပုဆရာ Fumio Asakura ၏ အမျိုးသမီးပန်းပုရုပ်တုနှစ်ခုအပါအဝင် အနုပညာလက်ရာ ၈ ခု၏ အချက်အလက်များကို ခရီးသွားများ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် QR code စနစ်များကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ရှေ့ဆက်၍ JR East အနေဖြင့် အူအဲနိုပန်းခြံအတွင်းရှိ ထိပ်တန်းပြတိုက်များ၊ အနုပညာပြခန်းများအပြင် တိုကျိုအနုပညာတက္ကသိုလ် (Tokyo University of the Arts) တို့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းပြီး ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသည်များ ထပ်ခါတလဲလဲ လာရောက်လည်ပတ်ချင်မည့် ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်အောင် ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။


