မလေးရှား ကာကွယ်ရေးဝန်ကြီး Datuk Seri Mohamed Khaled Nordin က တော်ဝင်မလေးရှားလေတပ် (RMAF) ၏ ကာကွယ်ရေးနှင့် ရေကြောင်းစောင့်ကြည့်ရေးကဏ္ဍကို မဟာဗျူဟာမြောက် မြှင့်တင်ရန်အတွက် တူရကီနိုင်ငံထုတ် ANKA-S အမျိုးအစား မောင်းသူမဲ့စစ်ဘက်သုံးဒရုန်း (UAS) ၃ စင်းကို ရင်းဂစ် ၄၂၃.၈ သန်း (ကန်ဒေါ်လာ ၉၀ သန်းနီးပါး) ဖြင့် ဝယ်ယူတပ်ဆင်လိုက်ကြောင်း ဇွန်လ ၁၇ ရက် (ယမန်နေ့) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခုဝယ်ယူမှုတွင် ဒရုန်းများအပြင် မြေပြင်ထိန်းချုပ်ရေးစခန်းများနှင့် ၂ နှစ်စာ စစ်သည်အင်အား လေ့ကျင့်ရေးအစီအစဉ်များပါ ပူးတွဲပါဝင်သည်။အဆိုပါ ANKA-S ဒရုန်းများသည် ရာသီဥတုမရွေး၊ နေ့ညမပြတ် ပေ ၃၀,၀၀၀ (၉.၁ ကီလိုမီတာခန့်) အမြင့်၌ ၂၄ နာရီထက်မနည်း အဆက်မပြတ် ပျံသန်းနိုင်စွမ်းရှိပြီး၊ ၎င်းတို့ကို လာဘွမ်လေတပ်စခန်း (Labuan Air Base) တွင် အခြေစိုက်ကာ အငြင်းပွားဖွယ်ရာဖြစ်နေသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ မလေးရှား၏ သီးသန့်စီးပွားရေးဇုန် (EEZ) ကို စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်သည်။ ဝန်ကြီး Khaled ၏ ပြောကြားချက်အရ ယခုကဲ့သို့ စွမ်းဆောင်ရည်မြင့် ဒရုန်းများကို အသုံးပြုခြင်းဖြင့် ပုံမှန်တိုက်လေယာဉ်များ သို့မဟုတ် ရေတပ်သင်္ဘောကြီးများကို ကင်းလှည့်ခိုင်းခြင်းထက် လောင်စာဆီနှင့် စစ်ဆင်ရေးစရိတ် အမြောက်အမြား သက်သာစေမည့်အပြင်၊ သတင်းအချက်အလက်များကို ကြိုတင်ရယူကာ ရာဇဝတ်မှု သို့မဟုတ် ကျူးကျော်မှုများရှိသည့် နေရာများသို့ တိုက်ရိုက်ပစ်မှတ်ထား စေလွှတ်နိုင်မည်ဖြစ်၍ နိုင်ငံတော်အတွက် ထိရောက်သော "မျက်စိနှင့် နား" ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားက တောင်တရုတ်ပင်လယ်ကို စောင့်ကြည့်ရန် ၂၄ နာရီပတ်လုံး ပျံသန်းနိုင်သည့် ANKA-S ဒရုန်း ၃ စင်းကို ရင်းဂစ် ၄၂၃.၈ သန်းဖြင့် ဝယ်ယူ
Jun 18 • 3:50 AM
Malaysia
Local
Share
| 7 | 0 | 0 | 0 |


