ပထဝီနိုင်ငံရေး ပဋိပက္ခများကြောင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုကွင်းဆက်များ ရိုက်ခတ်လှုပ်ခတ်နေချိန်တွင် စင်ကာပူနိုင်ငံ၏ စွမ်းအင်လုံခြုံရေးနှင့် စက်သုံးဆီထောက်ပံ့မှု ကြံ့ကြံ့ခံနိုင်ရည်ရှိခြင်းသည် ၎င်းတို့၏ စွမ်းအင်ကဏ္ဍစုံ ဖြန့်ကြက်ခြင်း (Energy diversification) မဟာဗျူဟာကြောင့် ဖြစ်ကြောင်း အမျိုးသားတက္ကသိုလ် (NUS) မူဝါဒလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသနပညာရှင် Faizal Yahya က သုံးသပ်ပြောကြားလိုက်သည်။
စင်ကာပူသည် သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းဖြင့် တင်သွင်းခြင်းအပြင် ကမ္ဘာတစ်ဝန်းမှ အရည်ဖျော်သဘာဝဓာတ်ငွေ့ (LNG) ကိုပါ ပူးတွဲဝယ်ယူခြင်းဖြင့် ပေးသွင်းသူတစ်ဦးတည်းအပေါ် မှီခိုနေရသည့် ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့သည်။ လက်ရှိတွင် LNG တင်သွင်းမှုပမာဏကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်မည့် ရေပေါ်သိုလှောင်ရုံနှင့် ပြန်လည်ဓာတ်ငွေ့ထုတ်လုပ်ရေးစနစ် (FSRU) ကို တည်ဆောက်နေသည့်အပြင်၊ အာဆီယံဓာတ်အားလိုင်း (Asean Power Grid) မှတစ်ဆင့် ဒေသတွင်း သန့်ရှင်းစွမ်းအင်များ ရယူနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ စင်ကာပူအနေဖြင့် ရှေ့လာမည့် ၅ နှစ်အတွင်း စွမ်းအင်လုံခြုံရေးအတွက် သဘာဝဓာတ်ငွေ့ အသုံးချမှုကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိခြင်း၊ ဆိုလာစွမ်းအင်တိုးမြှင့်ခြင်းနှင့် အလှည့်ကျစွမ်းအင်သစ်များကို စောစီးစွာ ရှာဖွေခြင်းစသည့် အဆင့်ဆင့်သော မဟာဗျူဟာများဖြင့် ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြထားသည်။


