မြန်မာ့စီးပွားရေးသည် တည်ငြိမ်လာသည့် လက္ခဏာအချို့ ပြသနေသော်လည်း လောင်စာဆီ အခက်အခဲကြောင့် စီးပွားရေးတိုးတက်မှုနှုန်း ထပ်မံလျော့ကျနေပြီး ပုဂ္ဂလိကကုမ္ပဏီများမှာလည်း တိုးတက်မှုထက် ဆက်လက်ရှင်သန်နိုင်ရေးကိုသာ အဓိကကြိုးစားနေရကြောင်း ဇွန်လ ၁၆ ရက်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။ လောင်စာဆီပြဿနာကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း အလားအလာကို ယခင်ခန့်မှန်းထားသည့် ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ခဲ့သည်။ လက်ရှိတွင် လုပ်ငန်းများသည် ကုန်ကျစရိတ်မြင့်မားခြင်း၊ မူဝါဒမတည်ငြိမ်ခြင်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ပြန်လည်မြင့်တက်လာရာ ပြီးခဲ့သည့် ဧပြီလတွင် ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ အဆိုပါ အခြေအနေများကြောင့် အလုပ်အကိုင်ဖန်တီးမှုနှင့် ဝင်ငွေတိုးတက်နိုင်ခြေများ အားနည်းသွားကာ ပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းမှုအပေါ် ပိုမိုဖိအားဖြစ်စေကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။



