တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီဆား ခနားလ် တို့သည် ဇွန်လ ၁၅ ရက်နေ့က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းသံတမန်ဆက်ဆံရေးတွင် နီပေါနိုင်ငံကို အရေးပါသောနေရာ၌ အစဉ်ထားရှိပြီး နီပေါ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ကာကွယ်မှုကို အစဉ်အမြဲ ထောက်ခံသွားမည်ဟု ဝမ်ရိက ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံက ရပ်ဝန်းနှင့်ပိုးလမ်းမ (BRI) အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လျှပ်စစ်ဓာတ်အားကွန်ရက်၊ အဝေးပြေးလမ်း၊ နယ်စပ်ဆိပ်ကမ်းနှင့် လေကြောင်းကဏ္ဍများတွင် လက်တွဲလုပ်ဆောင်ကာ နီပေါနိုင်ငံကို ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်းလမ်းချိတ်ဆက်မှု အချက်အချာနိုင်ငံဖြစ်လာစေရန် အထောက်အကူပေးလိုကြောင်း၊ တရုတ်စီးပွားရေးလုပ်ငန်းများကိုလည်း နီပေါတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တိုက်တွန်းထားကြောင်း ဆိုသည်။
နီပေါနိုင်ငံခြားရေးဝန်ကြီး ခနားလ်ကလည်း နီပေါ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ကာလရှည်ပံ့ပိုးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် နီပေါနိုင်ငံအနေဖြင့် "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" ကို အခိုင်အမာ လက်ကိုင်ကျင့်သုံးကာ နီပေါနယ်မြေကိုအသုံးပြု၍ တရုတ်၏အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်အင်အားစုကိုမျှ လုံးဝလက်သင့်ခံမည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။ ထို့ပြင် တရုတ်စီးပွားရေးလုပ်ငန်းများအတွက် မျှတလုံခြုံသော ဥပဒေအခြေပြု စီးပွားရေးပတ်ဝန်းကျင် ဖန်တီးပေးမည်ဖြစ်ကာ တရုတ်နိုင်ငံက အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံများကိုလည်း အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။


