လက်ရှိခေတ်ကာလအခြေအနေနှင့် မကိုက်ညီတော့သည့် ဥပဒေဟောင်းများကို ပယ်ဖျက်နိုင်ရေးနှင့် ခေတ်စနစ်နှင့် ကိုက်ညီမည့် ဥပဒေသစ်များ ပြန်လည်ပြဋ္ဌာန်းနိုင်ရေးအတွက် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ ၁၀၀ ကျော်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ တာဝန်ရှိသူများနှင့်အတူ ဥပဒေကြမ်းကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ လွှတ်တော်၏ အမြဲတမ်းကော်မတီ (၄) ရပ်အနက် ဥပဒေပြုရေးတွင် အဓိကကျသည့် ဥပဒေကြမ်းကော်မတီအနေဖြင့် ဥပဒေကြမ်းများ ရေးဆွဲပြုစုခြင်းအပြင် လက်ရှိတည်ဆဲဥပဒေများ ခေတ်ကာလနှင့် ကိုက်ညီမှု ရှိ၊ မရှိကိုပါ အလေးထားစိစစ်သုံးသပ်ရန် လိုအပ်ကြောင်း ထည့်သွင်းတိုက်တွန်းခဲ့သည်။


