ထိုင်းနိုင်ငံ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန (ISOC) က ထိုင်းတော်ဝင်မိသားစုနှင့် ပတ်သက်၍ အချက်အလက်အမှားများပါဝင်သော AI သုံး ပြုပြင်ဖန်တီးထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် မမျှဝေကြရန် သတိပေးလိုက်သည်။ ကွယ်လွန်သူ မင်းသမီး Bajrakitiyabha ၏ ရုပ်ကလာပ်တော် သယ်ဆောင်သည့် အခမ်းအနားတွင် ဘုရင်နှင့် မိဖုရားတို့ ပါဝင်နေသည့် ပုံစံမျိုး AI ဖြင့် တမင်ရည်ရွယ် ဖန်တီးထားသော ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုသို့သော သတင်းအမှားနှင့် ပုံဖျက်ထားသည်များကို ကွန်ပျူတာစနစ်အတွင်း ထည့်သွင်းခြင်း သို့မဟုတ် ထပ်ဆင့်မျှဝေခြင်းများ ပြုလုပ်ပါက ကွန်ပျူတာပြစ်မှုဆိုင်ရာ ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ် ဘတ် ၁ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။ထို့ကြောင့် တော်ဝင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မမျှဝေမီ နန်းတွင်းဦးစီးဌာန သို့မဟုတ် ခိုင်လုံသည့် မီဒီယာများတွင် စနစ်တကျ စိစစ်ကြရန် ISOC က တိုက်တွန်းထားသည်။



