တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့်သံတမန်များသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအရေးနှင့် ပတ်သက်၍ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတစ်ရပ်ကို ပြီးခဲ့သည့် (သောကြာနေ့) က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ဆွေးနွေးပွဲသို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ Kim Sang-il၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ David Wilezol နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Kengo Otsuka တို့ တက်ရောက်ခဲ့ကြပြီး၊ ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှဒေသတွင်း နောက်ဆုံးအခြေအနေများကို အမြင်ချင်းဖလှယ်ကာ မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားကင်းစင်ရေး (Denuclearize) လုပ်ဆောင်ရန်နှင့် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို တင်းကျပ်စွာ ဆက်လက်ကျင့်သုံးရန် ကတိကဝတ်ပြုကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။ထို့ပြင် သုံးနိုင်ငံ ကိုယ်စားလှယ်များသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ပြင်းထန်စွာ စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည့်အပြင်၊ မကြာသေးမီက ပိုမိုနီးကပ်လာသည့် ရုရှား-မြောက်ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့် မြောက်ကိုရီးယား၏ အွန်လိုင်းဆိုက်ဘာတိုက်ခိုက်မှု (Cyber activities) အန္တရာယ်များကို တားဆီးရန်အတွက် သုံးနိုင်ငံအကြား ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။
မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန် ၃ နိုင်ငံ တိုကျိုမြို့၌ တွေ့ဆုံဆွေးနွေး
Jun 15 • 6:38 AM
South Korea
Local News
Share
| 9 | 0 | 0 | 0 |


