ယူအေအီ (UAE) နိုင်ငံ၏ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဒူဘိုင်းမြို့ရှိ လမ်းအသုံးပြုခ ကောက်ခံသည့် ဆာလစ်ဂိတ် (Salik Toll Gates) များနှင့် အများပြည်သူသုံး ပါကင်ဝန်ဆောင်မှု (Parkin) များတွင် ၅ ရာခိုင်နှုန်း တန်ဖိုးသင့်အခွန် - ဗတ် (5% VAT) ကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်ကာ ထည့်သွင်းကောက်ခံနေပြီဖြစ်ရာ နေ့စဉ်မောင်းနှင်သွားလာနေကြသည့် ယာဉ်မောင်းများ၏ လစဉ်သယ်ယူပို့ဆောင်ရေး စရိတ်စကများ ပိုမိုမြင့်တက်လာခဲ့သည်။
ယခုပြောင်းလဲမှုကြောင့် ဆာလစ်ဂိတ်များ ဖြတ်သန်းခသည် အသွားအလာများသည့် အလုပ်ချိန်အမြင့်ဆုံး (Peak Hours) တွင် ယခင် ၆ ဒိုင်ရဟမ်မှ ၆.၃၀ ဒိုင်ရဟမ်သို့လည်းကောင်း၊ သာမန်အချိန် (Off-Peak) တွင် ၄ ဒိုင်ရဟမ်မှ ၄.၂၀ ဒိုင်ရဟမ်သို့လည်းကောင်း အသီးသီး တိုးမြင့်သွားမည်ဖြစ်ပြီး ဆာလစ်စတစ်ကာ (Salik Tag) ဝယ်ယူစရိတ်များတွင်လည်း အခွန်ထပ်မံတိုးလာမည် ဖြစ်သည်။ အလားတူ လမ်းဘေးနှင့် ကွင်းပြင်ပကင်ကြေးများ၊ စက်မှုဇုန်နှင့် ကူးသန်းရောင်းဝယ်ရေးဇုန် ပါကင် Permints များအပြင် ရာသီအလိုက် ပါကင်ကတ် (Seasonal Parking Cards) များအားလုံးတွင်လည်း ၅ ရာခိုင်နှုန်း ဗတ်အခွန် သက်ရောက်မည်ဖြစ်ရာ သာမန်ပါကင်ခ ၄ ဒိုင်ရဟမ် တန်ဖိုးရှိသည့်နေရာများတွင် ၄.၂၀ ဒိုင်ရဟမ် ပေးဆောင်ရမည် ဖြစ်သည်။ ထို့အပြင် ယခုအခွန်တိုးမြှင့်မှုနှင့်အတူ လမ်းဘေးပါကင်မီတာများတွင် အကြွေစေ့ သို့မဟုတ် ငွေစက္ကူဖြင့် ငွေသားပေးချေခြင်း (Cash Payments) စနစ်ကို လုံးဝပိတ်သိမ်းလိုက်ပြီး Parkin App၊ SMS သို့မဟုတ် Nol ကတ်များဖြင့်သာ ပေးချေရမည့် ဒစ်ဂျစ်တယ်စနစ် (Cashless Driving) သို့ တစ်ပါတည်း ပြောင်းလဲကျင့်သုံးလိုက်ကြောင်း သိရသည်။


