နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ်တွေက အထည်အမှာစာတွေ ရပ်ဆိုင်းသွားတာ၊ ကမ္ဘာ့ဝယ်လိုအား ကျဆင်းလာတာတွေကြောင့် တရုတ်အထည်ချုပ်ကုမ္ပဏီ Wuhan Kingsrich Garment ရဲ့ မြန်မာနိုင်ငံရှိ Kings Rich Fashion စက်ရုံကို လာမယ့် ဇွန်လကုန်မှာ အပြီးပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကမ္ဘာကျော် အဝတ်အထည် အမှတ်တံဆိပ်ကြီးတွေဖြစ်တဲ့ H&M, Inditex, Primark နဲ့ Marks & Spencer တို့က မြန်မာနိုင်ငံမှ အော်ဒါတွေကို ဆက်တိုက် ရပ်ဆိုင်းခဲ့တဲ့အတွက် စက်ရုံမှာ အော်ဒါလျော့နည်းပြီး ရေရှည် ဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်တော့တာကြောင့် ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။H&M နဲ့ Marks & Spencer ကဲ့သို့သော နိုင်ငံတကာ ဝယ်လက်အမှတ်တံဆိပ်တွေဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို အလေးထား စစ်ဆေးလေ့ရှိရာ Kings Rich Fashion (Myanmar) စက်ရုံမှာ အလုပ်သမားတွေအပေါ် အလုပ်ချိန် တိုးခိုင်းခြင်း၊ လုပ်ခလစာ ဖြတ်တောက်ခြင်း၊ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ ရှိနေတာကြောင့် ဝယ်လက်တွေက အော်ဒါတွေ လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။Kings Rich Fashion အနေနဲ့ စက်ရုံပိတ်သိမ်းဖို့အတွက် မေ ၁၃ ရက်နေ့မှစကာ နှိုးဆော်စာ (Notice) ကပ်ပြီး အလုပ်သမားတွေကို တလကြိုတင် အသိပေးထားတာဖြစ်ပြီး လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ အသိပေးထားပါတယ်။



