မန္တလေးတိုင်း၊ ညောင်ဦး - ကျောက်ပန်းတောင်းကြား ပုပ္ပားတောင်နဲ့ ဆက်သွယ်ထားတဲ့ ဗျတ္တပန်းဆက်လမ်းပိုင်းမှာ ခရီးသွားတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲ ငွေညှစ်ခြင်းနဲ့ လူပျောက်ဆုံးမှုတွေ များလာတဲ့အတွက် သတိထားသွားလာကြဖို့ ခရီးသွား ပြည်သူအချင်းချင်း တိုက်တွန်းနိုးဆော်မှုတွေ ရှိနေပါတယ်။ဘုရားဖူးတွေနဲ့ ခရီးသွားတွေဟာ ပုဂံ/ညောင်ဦးဘက်ကနေ ပုပ္ပားကို သွားရောက်ရာမှာ ၁၄ မိုင်ကျော်ခန့်ရှိတဲ့ အဲဒီလမ်းပိုင်းကို အနီးဆုံး ဖြတ်လမ်းအဖြစ် အသုံးပြုနေကြတာဖြစ်ပြီး မကြာသေးမီ နှစ်တွေအတွင်း နယ်မြေဒေသ မတည်ငြိမ်မှုတွေကြောင့် သတိထား သွားလာရမယ့်လမ်းပိုင်းအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ဒါအပြင် ပြည်သူတယောက်ကလည်း ၎င်းအနေနဲ့ အဲဒီလမ်းကို သွားခဲ့စဥ်က လမ်းကုသိုလ်ပြု (ပြုယောင်ဆောင်) သူတွေက ငွေတောင်းတာကို ကြုံခဲ့ရပြီး သူတို့တောင်းပုံက ရိုးရိုးသားသား တောင်းခံရုံမဟုတ်ဘဲ မြေရှပ်ရာမှာ အသုံးပြုတဲ့ ပေါက်တူး၊ ဂေါ်ပြား စတာတွေ ကိုင်ဆောင်ထားကာ အုပ်စုလိုက် ကားကိုလမ်းပေါ်တက်ပြီး ကားကို တားကြတာဖြစ်တယ်လို့ ပြောပါတယ်။



