ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အငှားယာဉ်တွေနဲ့ ခရီးသည်တွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လူခေါ်ပွဲစားတွေကို မေလ ၉ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။မေလ ၉ ရက် နေ့လယ်က လူခေါ်ပွဲစား တာတီး (ခ) ဇော်လင်းထွန်းကို အမှတ် (၃) လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးမှာ ဖမ်းမိခဲ့ပြီး ချစ်သား (ခ) စိုးသီဟကို ခရေပင်လမ်းနဲ့ အမှတ် (၃) လမ်းဆုံမှာ ထပ်မံဖမ်းမိကာ ခေါင်းဆောင်ဖြစ်သူ ဂျပန်ကြီးကို ရဲတွေက ရှာဖွေနေတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲမှာ ဂျပန်ကြီး၊ တာတီး၊ ချစ်သားတို့အပြင် ခိုင်မင်း၊ မျိုးအောင်၊ စိုးသူ၊ ကြက်ရိုး၊ ဂန်ဂျား၊ မည်းကြီးစတဲ့ တစ်ကိုယ်တော် လူခေါ်ပွဲစား လူမိုက်ပေါက်စများရှိပြီး ဆိုက်ရောက်ဂိတ်၊ ပစောက်ဝန်း၊ အီလိုက်ဝန်း၊ ပုဂံလမ်း၊ မြင်းခြံလမ်း၊ မကွေးလမ်း၊ မုံရွာလမ်း၊ တောင်ကြီးလမ်းတွေမှာ အခြေချတယ်လို့ ဝင်းအတွင်းနေသူတစ်ဦးက ပြောပါတယ်။



