ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် မိတ်ဆက်စကားပြောဆိုကာ ယုံကြည်မှုကို အလွဲသုံးစားလုပ်၍ ဆိုင်ကယ်လိမ်လည်ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခု မေလ ၇ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဝါးခယ်မမြို့၊ ဆေးရုံရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် online မှတစ်ဆင့် ရဲကျော်သူ အမည်ရှိ အမျိုးသားတစ်ဦးနှင့် သိရှိခင်မင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းအမျိုးသားသည် ဝါးခယ်မမြို့သို့ လာရောက်လည်ပတ်စဉ် တည်းခိုခန်းတစ်ခုတွင် တည်းခိုခဲ့ပြီး မြို့ခံအမျိုးသမီးဖြစ်သူက မုန့်ဝယ်ကျွေးခြင်း၊ လိုက်လံပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ယင်းနောက် မေလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ၎င်းအမျိုးသားက "Wave Money ထုတ်ရန်အတွက်" ဟု အကြောင်းပြကာ အမျိုးသမီးထံမှ ဆိုင်ကယ်ကို ခဏငှားရမ်းပေးရန် ပြောဆိုခဲ့သည်။ ဆိုင်ကယ်ငှားရမ်းသွားပြီးနောက် ပြန်လည်ရောက်ရှိမလာတော့သဖြင့် အမျိုးသမီးဖြစ်သူက ၎င်းတည်းခိုရာသို့ လိုက်လံစုံစမ်းခဲ့သော်လည်း အမျိုးသားဖြစ်သူမှာ တိမ်းရှောင်သွားခဲ့ပြီ ဖြစ်သည်။ ကျန်ရစ်ခဲ့သည့် မှတ်ပုံတင်မိတ္တူအရ ၎င်းသည် ၁၄ပသန(နိုင်)၃၃၄၇၂၄ ကိုင်ဆောင်သူဖြစ်ကြောင်း သိရသည်။လိမ်လည်ယူဆောင်သွားခြင်းခံရသည့် ဆိုင်ကယ်သည် အမျိုးအစား: Viva (အနက်ရောင်) ယာဉ်အမှတ်: ၁ယ/၈၉၅၀၈ ဆိုင်ကယ်နှင့်အတူ လိုင်စင်အုံနာဘုတ် (Owner Book) မူရင်းပါ ပါရှိသွားကြောင်း သိရသည်။



