တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့တော်အစိုးရသည် ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက် (စနေနေ့) နံနက်ပိုင်းတွင် မာပိုခရိုင် (Mapo District) ရှိ World Cup Park ၌ ၂၆ ကြိမ်မြောက် အမျိုးသမီးမာရသွန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် Korea Times က ဖော်ပြခဲ့ပါသည်။ အဆိုပါပွဲတော်တွင် အပြေးသမားနှင့် လမ်းလျှောက်သူ စုစုပေါင်း ၇,၀၀၀ ခန့် ပါဝင်ဆင်နွှဲကြမည်ဟု ခန့်မှန်းထားပြီး ယင်းသည် အပြိုင်အဆိုင်ထက် လူမှုအဖွဲ့အစည်း စည်းလုံးညီညွတ်မှုနှင့် ပြည်သူ့ကျန်းမာရေးကို ရှေးရှုသည့် ပွဲတော်တစ်ခု ဖြစ်ပါသည်။
ဤပွဲတော်တွင် ၁၀ ကီလိုမီတာနှင့် ၅ ကီလိုမီတာ အပြေးပြိုင်ပွဲများအပြင် မိသားစုများ၊ အပျော်တမ်းလမ်းလျှောက်သူများနှင့် ကလေးငယ်များအတွက် ၃ ကီလိုမီတာ လမ်းလျှောက်ခြင်း အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသည်။ အသက်အရွယ်မရွေး၊ ကျားမ မရွေး ပါဝင်နိုင်သော ဤပွဲတော်တွင် "Together Run" ဟု အမည်ပေးထားသည့် ပရဟိတအစီအစဉ်တစ်ခုလည်း ပါဝင်ပြီး ဒေသတွင်း လူမှုဖူလုံရေးဂေဟာများမှ ကလေးငယ်များကိုလည်း အတူတကွ ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ထားပါသည်။ပွဲကျင်းပမည့် စနေနေ့ နံနက် ၇ နာရီ ၂၀ မိနစ်မှ ၉ နာရီအထိ ကမ္ဘာ့ဖလားကွင်းအနီးရှိ Jeungsan-ro၊ World Cup-ro နှင့် Haneul Park-ro လမ်းပိုင်းအချို့ကို ယာဉ်သွားလာမှု ခေတ္တပိတ်ဆို့ထားမည် ဖြစ်ပါသည်။ မြို့တော်အစိုးရအနေဖြင့် ပါဝင်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် လမ်းကြောင်းတစ်လျှောက်တွင် ဆေးဘက်ဆိုင်ရာအဖွဲ့များ၊ လူနာတင်ယာဉ်များနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကို အဆင်သင့်ချထားပေးမည်ဖြစ်ပြီး ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ စနစ်တကျ စီစဉ်ထားကြောင်း သိရပါသည်။


