ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာ၀တီတိုင်းဒေသကြီးအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄ မှ ၁၁၃ မိုင် ၂ ဖာလုံ ပုသိမ်အထိ ၉၅ မိုင် ၆ဖာလုံ ရှည်လျားပြီး မိုင်တိုင် ၁၇/၄ မှ မိုင်တိုင် ၅၆/၀ အထိ အပိုင်းအား Oriental Highways Co.,Ltd က BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ဗိုလ်မြတ်ထွန်းတံတားမှ မိုင်တိုင် ၅၆/၀ အထိကို Oriental Highways Co.,Ltd က လမ်းအဆင့်မြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။မိုင်တိုင် ၅၆ မှ မိုင်တိုင် ၁၁၃/၂ အထိကို လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။ ၅၆/၀ မိုင်မှ ကျောင်းကုန်နှင့်ပန်းတနော်မြို့နယ် နယ်စပ်ဖြစ်သည့် မိုင်တိုင် ၆၃/၀ အတွင်းတွင် ၆ မိုင်ခန့်ကို အကျယ်ပေ ၃၀ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရှိရသည်။ထို့ပြင် ပုသိမ်မြို့အဝင် မိုင်တိုင် ၁၀၅/၅ မှာ (၃) ဖါလုံ အရှည် ပေ (၃၀) အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ၊ လမ်းပုခုံး လုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ပုသိမ်နှင့် ငွေဆောင်အကြား လတ်တလောတွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများမရှိသေးသော်လည်း လမ်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။



