ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသား လေကြောင်း (MNA) အနေဖြင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့်မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေ လွယ်ကူချောမွေ့စေရေး အတွက် ရခိုင်ပြည်နယ်မှ မြို့ ၂ မြို့နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့ ၃ မြို့သို့ ခရီးစဉ် ပျံသန်းပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။အဆိုပါ ခရီးစဉ်များကို L-410 လေယာဉ်ငယ်များဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့တို့သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကိုအခြေပြု ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့တို့သို့လည်းကောင်း ဧပြီလ ၂၄ ရက် နံနက်ပိုင်းမှ စတင်ကာ ပျံသန်းပြေးဆွဲ လျက်ရှိတယ်လို့ သိရပါတယ်။လေယာဉ်ခရီးစဉ် ပျံသန်းမှုများအနေဖြင့် ရန်ကုန် - မာန်အောင် - ကျောက်ဖြူ - ရန်ကုန် ခရီးစဉ်အား ဧပြီ ၂၄ ရက်နေ့ မနက် ၈ နာရီတွင် ရန်ကုန်မြိုမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ အလားတူ မြိတ် - ဘုတ်ပြင်း - ကော့သောင်း - ဘုတ်ပြင်း - မြိတ် ခရီးစဉ်အား ယင်းနေ့ နံနက် ၈ နာရီတွင် မြိတ်မြိုမှ စတင်ထွက်ခွာခဲ့ပြီး နံနက် ၁၀ နာရီခွဲတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းလည်း သိရပါတယ်။ထို့အပြင် မြန်မာအမျိုးသားလေကြောင်းဟာ အဆိုပါ L-410 လေယာဉ်ဖြင့် ဧပြီ ၂၆ ရက်နေ့ မနက် ၈ နာရီတွင် မြိတ်မြို့မှ ခရီးသည် ၁၄ ဦး တင်ဆောင်၍ ထားဝယ်သို့ ပျံသန်း ထွက်ခွာခဲ့ရာ ၈ နာရီ ၄၅ မိနစ်တွင် ထားဝယ်သို့ ရောက်ရှိပြီး ထားဝယ်လေဆိပ်တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရီးစဉ်သစ် ပျံသန်းပြေးဆွဲမှုကို အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။ထို့နောက် အဆိုပါလေယာဉ်ဟာ မနက် ၁၀ နာရီတွင် ထားဝယ်မှ ခရီးသည် (၁၆) ဦးတင်ဆောင်၍ မြိတ်မြို့သို့ ပျံသန်းထွက်ခွာခဲ့ရာ နံနက် ၁၀ နာရီ ၅၂ မိနစ်တွင် ပြန်လည်ရောက်ရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။



