မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာတွင် ဘုရားထီးတော်တင်ပွဲပြုလုပ်နေစဉ် ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီခွဲအချိန်က နေအိမ် ၂ လုံး မီးလောင်ပြာကျသွားကြောင်း ရွာခံများထံမှ သိရသည်။ယမန်နေ့က ကော့ခလိန်ရွာအပြင်ရှိ ဘုရားထီးတော်တင်ပွဲသို့ ရွာခံအများစု ရောက်ရှိနေစဉ် လူသူမရှိသည့် နေအိမ်တစ်အိမ်တွင် ဆိုလာမီးသွယ်တန်းထားသည့် နေရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး အနီးရှိနေအိမ်တစ်လုံးကိုပါ မီးကူးသွားခဲ့ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။မီးလောင်မှုဖြစ်နေစဉ် အနီးအနားရွာမှ မီးသတ်ယာဉ်တစ်စီးသာ ရောက်ရှိကြောင်း၊ ကော့ခလိန်နှင့် ဓမ္မသလမ်းသွယ်ကို ပိတ်ထားသဖြင့် ဓမ္မသတ်ရွာမှ မီးသတ်ယာဉ်များ လာရောက်ရန် အဆင်မပြေဖြစ်ခဲ့ကြောင်း ကော့ခလိန်ရွာခံ အမျိုးသားတစ်ဦးကပြောသည်။နာရီဝက်ကြာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ရွာခံလူငယ်များ၊ လူကြီးများ၏ အကူအညီဖြင့် မီးငြိမ်းနိုင်ခဲ့ပြီး မီးဘေးသင့်သွားသည့်နေအိမ် ၂ အိမ်မှ ဒေသခံများ နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်တွင် ယာယီနေထိုင်နေရသည်ဟု သိရသည်။မီးလောင်ပြာကျသွားသည့်နေအိမ် ၂ လုံးမှ ငွေကျပ် သိန်းရာနှင့်ချီ မီးလောင်ဆုံးရှုံးခဲ့ရသည်ဟုလည်း ဆိုသည်။



