နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ အီနယ်ရာမိုဟာ ခြေစမ်းပွဲတစ်ခုမှာ ကွင်းအတွင်း လဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်(NFF)ရဲ့ထုတ်ပြန်ချက်မှာ အီနယ်ရာမို(၄၀ နှစ်)ဟာ နှလုံးရောဂါသံသယနဲ့ သေဆုံးခဲ့ဖွယ်ရှိတယ်လို့ ရေးသားခဲ့
ပါတယ်။၎င်းဟာ ပြီးခဲ့တဲ့သောကြာနေ့က နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာမြို့မှာကစားတဲ့ ခြေစမ်းပွဲ ဒုတိယပိုင်းအစ ငါးမိနစ်မှာပဲ အီနယ်ရာမို လဲကျခဲ့တာဖြစ်ပါတယ်။အီနယ်ရာမိုဟာ နိုင်ဂျီးရီးယားအသင်းအတွက် ၁၀ ပွဲကစားကာ သုံးဂိုးသွင်းခဲ့ပြီး ၂၀၁၁ ခုနှစ်က လက်ရွေးစင်အသင်းအတွက် နောက်ဆုံးကစားခဲ့တာဖြစ်တယ်။ကစားသမားဘဝမှာ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ဆော်ဒီအာရေဗျ၊ တူရကီနဲ့ ဆိုက်ပရပ်စ်ကလပ်တွေမှာ ကစားခဲ့ပါတယ်။၎င်းဟာ အသက် ၃၃ နှစ်အရွယ်မှာပဲ ကစားသမားဘဝက အနားယူခဲ့တာဖြစ်ပါတယ်။


