မိုးတိမ်တောင် ဖြစ်စဉ်တွေကြောင့် လေပြင်းတိုက်ခတ်မှု အန္တရာယ်ကို လာမယ့် မုတ်သုန်ဝင်ချိန်ဖြစ်တဲ့ မေလကုန်၊ ဇွန်လဆန်းပိုင်းလောက်အထိ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။မိုးတိမ်တောင်ဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တဲ့ ပထမတချက်ကတော့ အပူချိန် မြင့်တက်ခြင်းဖြစ်ပြီး နောက်တချက်ကတော့ ရာသီ အပြောင်းအလဲကြောင့်ဖြစ်ကာ လက်ရှိ နွေရာသီကာလကနေ မုတ်သုန်လေ ကူးပြောင်းတဲ့ကာလမှာ များသောအားဖြင့် လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်တတ်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ ဒီကနေ့ ဧပြီ ၂၆ ရက်၊ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိတယ်လို့ သိရပါတယ်။လက်ရှိမှာ နေရာဒေသမရွေး မိုးတိမ်တောင်ဖြစ်ပေါ်မှု များပြားနေတာဟာ ရာသီဥတု အပြောင်းအလဲကြောင့်ဖြစ်ပြီး အပူအချိန် မြင့်တက်မှုနှုန်း များပြားလာကာ ရေငွေ့ပျံနှုန်း များလာတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။ဒါအပြင် လက်ရှိအချိန်ဟာ နွေရာသီကနေ မိုးရာသီကို ကူးပြောင်းကာလ ဖြစ်တဲ့အတွက် လေထု မငြိမ်မသက်မှုတွေဖြစ်ကာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်တတ်တယ်လို့ သိရပြီး လက်ရှိမှာတော့ အဲဒီဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ခြင်း မရှိသေးပေမယ့် စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။ဧပြီလ၊ မေလတွေမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတွေဟာ များသောအားဖြင့် အိန္ဒိယနိုင်ငံဘက်ကို သွားတာဖြစ်ပေမယ့် မြန်မာနိုင်ငံဘက်ကိုလည်း ဦးတည် ရွေ့လျားနိုင်တယ်လို့ သူက ပြောပါတယ်။မြန်မာနိုင်ငံမှာ မုန်တိုင်းကာလ နှစ်ရာသီရှိပြီး ပထမရာသီကတော့ ဧပြီလနဲ့ မေလဖြစ်ကာ နောက်တရာသီကတော့ စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာဖြစ်ပြီး အဲဒီကာလတွေမှာ ဖြစ်တတ်တဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတွေဟာ အိန္ဒိယဘက်ထဲကို သွားနိုင်သလို မြန်မာနိုင်ဘက်ကိုလည်း လာနိုင်တဲ့အခြေအနေ ရှိတာကြောင့် ဒီဖြစ်စဉ်တွေကို ကြိုတင် သတိပြုဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။မိုး/ဇလဌာနက ထုတ်ပြန်ထားတဲ့ နောက်နှစ်ရက်အတွက် မိုးလေသဝ ခန့်မှန်းချက်တွေအနေနဲ့ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။



