ယနေ့ ဧပြီ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အနောက်ရပ်ကွက်တွင် နေအိမ်အချို့အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ထို့အတူ တောင်ကြီး၊ အေးသာယာ၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး အချို့နေရာများတွင် မိုးသီးကြွေခြင်းနှင့် သစ်ပင်လဲခြင်းများ ရှိခဲ့သည်။ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပကာရွာတွင် မိုးသည်းထန်သလို မိုးသီးအများအပြား ကျဆင်းခဲ့ကြောင်း သိရသည်။ထို့ပြင်လားရှိုး၊ သိန္နီနှင့် နမ့်ဆန်မြို့နယ်တို့တွင် မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ထူးခြားချက်မှာ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်ကြားတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ခြင်းဖြစ်သော်လည်း ထိခိုက်မှုမရှိဟု သိရသည်။



