ယနေ့ ဧပြီလ ၂၁ ရက်တွင် တာခ့်ခရိုင် မဲဆောက်မြို့အနီး ထာ့ဆောင်ယမ်ဒေသ နယ်စပ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် ပစ္စည့်ပို့ကားတစ်စီးကို တွေ့ရှိကြောင်း ဖော်ပြသည်။အာဏာပိုင်များကို တွေ့သည်နှင့် ကားသမားသည် ကားကို စွန့်ပစ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။ကားထဲတွင် ၂၀၀ လီတာဆန့် စည်ပုံးသုံးလုံးကို တွေ့ရပြီး အထဲတွင် 91 ဓါတ်ဆီ ၆၀၀ လီတာကို တွေ့ရှိရကြောင်း ဖော်ပြသည်။နောက်ထပ် အနီးအနားက နယ်စပ်တစ်လျှောက်ကို ကင်းလှည့်စစ်ဆေးခဲ့ရာ ၃၀ လီတာဆန့် ဒီဇယ်ပုံး ရှစ်လုံးကို ပိုင်ရှင်မတွေ့ရဘဲ ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။သိမ်းဆည်းရမိသော ဓါတ်ဆီနှင့် ဒီဇယ် ၈၄၀ လီတာကို ထာ့ဆောင်ယမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို အာဏာပိုင်များက တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေပြီး သိမ်းဆည်းရမိသော လောင်စာဆီများကို အကောက်ခွန်ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြသည်။



