ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၈ နာရီမှ ၂၀ နာရီအထိ၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၆ နာရီမှ ၁၈ နာရီ၊ ကျန်တိုင်းဒေသကြီးများတွင် အနည်းဆုံး ၁၄ နာရီအထိ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၂ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်များကို တွက်ချက်မှုများ ဆောင်ရွက်ပြီးနောက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့မှ လက်ရှိဓာတ်အားထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာသော သဘာဝဓာတ်ငွေ့ဖြင့် ထိရောက်မှု ရှိအောင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အစီအမံများကို ချမှတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၆ နာရီမှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီမှ နာရီ ၂၀ အထိတိုးမြှင့်၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ တိုးမြှင့်၍လည်း ကောင်း၊ အခြားပြည်နယ်/တိုင်းဒေသကြီးများအတွက် ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူးပေးခြင်းကို ဧပြီ ၂၂ ရက် ညနေ ၃ နာရီမှ စတင်တိုးမြှင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။



