မွန်ပြည်နယ်၊သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင်လမ်း ၊ မိုင်တိုင်အမှတ် (၁၀၄/၅) အနီးမှာ ယမန်နေ့ ဧပြီ ၁၈ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ခရီးသည်တင် မန္တလာ Express ကားနဲ့ ဘုန်းကြီးတွေလိုက်ပါလာတဲ့ light truck တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဘုန်းကြီး ၊ ကိုရင် ၊ လူ အပါအဝင် ၁၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ သေဆုံးတဲ့အထဲမှာ ဘုန်းကြီး ခုနှစ်ပါး ၊ ကိုရင် တပါး နဲ့ အမျိုးသားသုံးယောက်တို့ ဖြစ်ကြောင်း ကနဦး သိရပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ အမျိုးသားသုံးယောက်နဲ့ ဘုန်းကြီး ငါးပါးစုစုပေါင်း ရှစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူထဲက သံဃာတပါးကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်နေပြီး ကျန်ဒဏ်ရာရရှိသူတွေကိုတော့ သထုံဆေးရုံကြီးမှာ ကုသမှုပေးနေတယ်လို့ သိရပါတယ်။



