အမေရိကန်နဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီသီတင်းပတ်ကုန်မှာ ပါကစ္စတန်ကို ရောက်ရှိလာမှာဖြစ်ပြီး တနင်္လာနေ့ (ဧပြီလ ၂၀ )မှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မျှော်လင့်ရတယ်လို့ အီရန်သတင်းရင်းမြစ်တွေက CNN ကို ပြောပါတယ်။ အမေရိကန်ဘက်ကတော့ ဆွေးနွေးပွဲပြုလုပ်ဖို့ အစီအစဉ်ရှိတာကို အတည်မပြုသေးပါဘူး။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ဖက်စလုံးဟာ သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ သောကြာနေ့(ဧပြီလ ၁၇) မှာ ယုံကြည်ချက်ရှိရှိ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အီရန်အဆင့်မြင့်အရာရှိတစ်ဦးကတော့ တီဟီရန်ဘက်က အလျှော့ပေးလိုက်လျောမှုတွေ လုပ်နေတယ်ဆိုတဲ့ ထရမ့်ရဲ့ ပြောကြားချက်တချို့အပေါ် သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးက အဲဒီအရေးပါတဲ့ ဟော်မုဇ် ရေလမ်းကြောင်းကို ကုန်သွယ်ရေးသင်္ဘောအားလုံးအတွက် ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့ပြီးနောက် သောကြာနေ့မှာတော့ သင်္ဘောအနည်းငယ်ပဲ ဖြတ်သန်းသွားခဲ့ပါတယ်။ အဲဒီကြေညာချက်အပေါ် အီရန်အစိုးရပိုင်မီဒီယာတွေက သံသယနဲ့ တုံ့ပြန်ခဲ့ကြသလို သင်္ဘောကုမ္ပဏီတွေကလည်း သတိထားစောင့်ကြည့်နေကြပါတယ်။တစ်ဖက်မှာလည်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား ၁၀ ရက်ကြာ အပ-စ်အခ-တ်ရပ်စဲရေးဟာ အစ္စရေးဘက်က အပ-စ်ရပ်မှုကို အကြိမ်ကြိမ်ချိုးဖောက်တယ်လို့ လက်ဘနွန်က စွပ်စွဲနေပေမဲ့ ယေဘုယျအားဖြင့်တော့ တည်မြဲနေပုံရပါတယ်။ အဲဒီပဋိပက္ခဟာ အီရန်ဆွေးနွေးပွဲတွေမှာ အငြင်းပွားဖွယ် အချက်တစ်ချက် ဖြစ်နေပါတယ်။



