မြန်မာနိုင်ငံအရပ်ရပ်မှာ မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ မြန်မာနိုင်ငံကိုအနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်းမှာ လေပြင်းတွေတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာတာစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ပါတယ်။
မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကြိုတင်သတိပေးနှိုးဆော်ချက်မှာအခုလိုဖော်ပြပါရှိတာပါ။ လေထုမငြိမ်မသက်မှုတွေဖြစ်ပေါ်တာ၊ နေ့အပူချိန်တွေတဖြည်းဖြည်း မြင့်တက်လာရာကနေ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းပြီး မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းတာတို့ကြောင့်အခုလိုမိုးလေဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာဖြစ်တယ်လို့ဆိုပါတယ်။
လေပြင်းတိုက်ခတ်ချိန်မှာ မြေပြင်/ရေပြင်လေဟာ တစ်နာရီမှာ မိုင်၄၀ ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ် လို့လည်းထုတ်ပြန်ပါတယ်။ ပြည်သူတွေအနေနဲ့ မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ မြန်မာနိုင်ငံကိုအနောက်တောင်မုတ်သုံလေ မဝင် ရောက်မီကာလအတွင်းဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အထူးဂရုပြုနေထိုင်သွားကြဖို့၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ရေကြောင်းခရီးစဉ်တွေအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့တွေကို အသိပေးထုတ်ပြန်ထားပါတယ်။


