ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်တွင်းရှိ နွေစပါးစိုက်တောင်သူတွေဟာ ယခုနှစ်မှာ မြေဩဇာစျေးနှုန်း မြှင့်တက်လာတဲ့အတွက် အခက်တွေ့နေကြတယ်လို့ ပြောပါတယ်။ လတ်တလောမှာလည်း စက်သုံးဆီစျေး အဆမတန် မြှင့်တက်လာတာအပြင် ဓာတ်မြေဩဇာစျေးလည်း ထပ်တူမြှင့်တက်လာတဲ့အတွက် နန်းမယ်ခုံမြို့နယ်က တောင်သူလယ်သမားတွေ မြေဩဇာဝယ်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ နွေစပါးစိုက်ပျိုးတဲ့ တောင်သူတစ်ဦးက အခုလို ပြောပါတယ်။ မြေဩဇာထည့်ဖို့ အခက်အခဲ ရှိလာရင်တော့ စပါးအထွက်နှုန်းလည်း နည်းပါးသွားမှာ ဖြစ်ကြောင်းကို အဆိုပါ တောင်သူတစ်ဦးက ဆက်ပြောပါတယ်။ ယခင်က နွေစပါးစိုက်ပျိုးရာမှာ တစ်ဧကကို မြေဩဇာ ၃ အိတ်နှုန်း အသုံးပြုလေ့ရှိကြပြီး လက်ရှိမှာ တစ်အိတ်နှုန်းကိုတောင် ထည့်နိုင်ဖို့ မတတ်နိုင်ကြတော့ဘူးလို့ သူက ပြောပါတယ်။ ဒီဇယ်စျေး မြှင့်တက်သွားတာကြောင့် မြေဩဇာလည်း စျေးတက်သွားရတဲ့အကြောင်းကို မြေဩဇာရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။



