ဘရာဇီးနိုင်ငံ၊ ရီယိုဂရန်းဒီး-ဒိုဆူးလ်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်သန်း ၂၃၀ က ကြက်တူရွေး နှုတ်သီးနဲ့တူတဲ့ တွားသွားသတ္တဝါ မျိုးစိတ်သစ်ရုပ်ကြွင်းကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ရိုင်ကိုဆောအုပ်စုဝင် အဲဒီရုပ်ကြွင်းကို ၂၀၂၀ ပြည့်နှစ်က အာဂူဒိုမြို့နယ်မှာ တူးဖော်ရရှိခဲ့တာပါ။ ခြေလေးချောင်းသွား သက်သတ်လွတ်စားတဲ့ အဲဒီတွားသွားသတ္တဝါဟာ အရှည် ၁ ဒသမ ၂ မီတာကနေ ၁ ဒသမ ၅ မီတာကြား ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
သူ့ရဲ့ ချွန်ထက်တဲ့ နှုတ်သီးကို အပင်တွေဖြတ်တောက်ဖို့နဲ့ အမြစ်တွေတူးဖော်ရာမှာ အသုံးပြုခဲ့တာ ဖြစ်နိုင်ပါတယ်။
မျိုးစိတ်ခွဲခြားဖို့ အရေးပါတဲ့ သွားအစိတ်အပိုင်းတွေကနေ ရွှံ့နွံတွေဖယ်ရှားဖို့ သုတေသီတွေဟာ ခြောက်လကျော်ကြာ အချိန်ယူခဲ့ရပါတယ်။
ဒီတွေ့ရှိမှုကြောင့် ဘရာဇီးနိုင်ငံမှာ ရိုင်ကိုဆောမျိုးစိတ် ၆ မျိုးအထိ ရှိလာပြီဖြစ်ပြီး အစောပိုင်း ဒိုင်နိုဆောတွေပေါ်ပေါက်လာချိန်မှာ ဒီအုပ်စုဟာလည်း အများဆုံး ပျံ့နှံ့နေထိုင်ခဲ့ကြတာပါ။
ဒီရုပ်ကြွင်းဟာ စကော့တလန်မှာတွေ့ခဲ့တဲ့ သက်တမ်းတူရုပ်ကြွင်းနဲ့ ဆင်တူနေတဲ့အတွက် လွန်ခဲ့တဲ့ နှစ်သန်း ၂၃၀က ကမ္ဘာ့တိုက်ကြီးတွေ တဆက်တည်းရှိခဲ့တယ်ဆိုတာကို သက်သေပြနေပါတယ်။
ဒါ့အပြင် ဒီရုပ်ကြွင်းတွေဟာ ကျောက်လွှာတွေရဲ့ သက်တမ်းကို တွက်ချက်ရာမှာလည်း အရေးပါတဲ့အထောက်အထားတွေ ဖြစ်ပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ရိုဒရီဂိုတမ့်မူလာနဲ့ ကျောင်းသူ ဂျောင်ဟီးရှီးဖယ်ဘိုင်းတို့ ဦးဆောင်တဲ့အဖွဲ့ရဲ့ ဒီတွေ့ရှိမှုကို Royal Society Open Science ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။


