မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၇ ရက်၊ နံနက် ၉ နာရီခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ ဝမ်မိုင် (၇) လမ်းနေ ရဲရင့်သူ ငှားရမ်း နေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၀ နှင့် အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၆၀၀ ဂရမ်၊ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၀ တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အလားတူ ဧပြီလ ၈ ရက်၊ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအနီး၌ လမ်းလျှောက်လာသူ ဂျိုးဆက် (ခ) လော်ခါကို စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၀ ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရဲရင့်သူနှင့် ဂျိုးဆက် (ခ) လော်ခါ တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။



