လာမည့် ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ ကျရောက်မည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း သူတစ်ပါး (သို့မဟုတ်) အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်ပျက်ပြားစေမည့် သံချပ်ထိုးခြင်း၊ သီဆိုခြင်းနှင့် လှုပ်ရှားဆောင်ရွက်ခြင်းများကို ရှောင်ကြဉ်ကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ထို့ပြင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများ၊ ရုန့်ရင်းကြမ်းတမ်းသော ပြောဆိုမှုများ၊ အန္တရာယ်ဖြစ်စေနိုင်သည့် ရေကစားမှုများနှင့် အရက်သေစာ အလွန်အမင်း သောက်စားမူးယစ်ခြင်းများကိုလည်း ဆင်ခြင်ရှောင်ကြဉ်ကြရန် အသိပေးထားပြီး၊ အခြားနိုင်ငံသားများက မြန်မာ့ရိုးရာအစဉ်အလာအပေါ် လေးစားတန်ဖိုးထားမှု လျော့ပါးစေမည့် အပြုအမူများကိုလည်း ရှောင်ကြဉ်ကာ ရိုးရာဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် အလေးပေး ဖော်ပြထားကြောင်း သိရှိရပါသည်။



