စစ်ကိုင်းတိုင်း မြို့နယ်တချို့မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်သူတွေက ပြည်သူတွေကို မှတ်ပုံတင်ကတ်ရှိရင် ငွေကျပ် ၅၀,၀၀၀ ပေးမယ်ဆိုပြီး Kpay အကောင့်တွေ ဖွင့်ခိုင်းကာ လိုက်ဝယ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။မုံရွာ၊ ချောင်းဦး၊ ဘုတလင်နဲ့ အရာတော်မြို့နယ်တွေအပြင် အညာဒေသက တခြားမြို့နယ်တွေမှာပါ မှတ်ပုံတင်ကတ်ရှိရင် ကုမ္ပဏီကနေ ငွေ ၅၀,၀၀၀ ထုတ်ပေးတယ်ဆိုပြီး Kpay အကောင့်တွေ လိုက်ဖွင့်ခိုင်းနေတာပါ။ဖွင့်ပြီးသွားတဲ့အကောင့်တွေကိုတော့ အွန်လိုင်းက အမည်မသိလူတွေက ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ချောင်းဦးမြို့နယ်က ကျေးရွာတွေမှာဆိုရင် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက မှတ်ပုံတင်ရှိသူတွေကို ငွေပေးပြီး Kpay အကောင့်တွေ ဖွင့်နေတာလို့ ဆိုပါတယ်။ဧပြီလဆန်းပိုင်းမှာတင် ချောင်းဦးမြို့နယ်က ကျေးရွာတွေမှာ ငွေ ၅၀,၀၀၀ ယူပြီး Kpay အကောင့် ဖွင့်ခံလိုက်ရတဲ့ ပြည်သူ ၂၀၀ ယောက်ဝန်းကျင် ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ငွေပေးပြီး ဖွင့်ထားတဲ့ ဒီ Kpay အကောင့်တွေကို မသမာတဲ့ငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုလိုက်ရင် မှတ်ပုံတင်ပိုင်ရှင်အနေနဲ့ ငွေကြေးခဝါချမှုပုဒ်မ ၄၃/၄၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)/ ၅၂(က) တို့နဲ့ တရားစွဲခံရနိုင်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။ 
Apr 10 • 1:23 AM
Myanmar
Sagaing
Share
| 28 | 0 | 0 | 0 |


