ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ စျေးမြှင့်တက်လာတယ်လို့ သိရပါတယ်။ ဧပြီလ ပထမပတ်အထိ တစ်လီတာကို တစ်သောင်းရှစ်ထောင်ကျပ် ပေးဝယ်ရသေးပေမယ့် မနေ့က ဧပြီလ ၈ရက်နေ့ ကစပြီး တစ်လီတာကို နှစ်သောင်းကျပ်အထိ ပေးဝယ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝယ်ယူရတဲ့စျေးနှုန်း၊ သယ်ယူရတဲ့ ကားခကြောင့် အခုလို စျေးတက်ရခြင်းဖြစ်တယ်လို့ တစ်နိုင်တစ်ပိုင် ဓာတ်ဆီရောင်းတဲ့ ဆိုင်ရှင်တစ်ဦးက အခုလို ပြောပါတယ်။ ဓတ်ဆီစျေးနှုန်းမြှင့်တက်လာတဲ့အတွက် ကုန်သယ်ယူစရိတ် နှစ်ဆ မြှင့်တက်သွားတာကြောင့် ယခင်က တစ်ပတ်တစ်ကြိမ် ကုန်စည်တွေ သယ်ယူနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ နှစ်ပတ် (သို့မဟုတ်) သုံးပတ်တစ်ကြိမ်သာ ကုန်စည်တွေကို သွားရောက်သယ်ယူနိုင်တော့တယ်လို့ ကုန်စုံရောင်းတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ စက်သုံးဆီစျေး မြှင့်တက်တာကြောင့် ကုန်စျေးနှုန်းတွေ ထပ်မံမြှင့်တက်လာပြီး ဆန်၊ အခြေခံဖြစ်တဲ့ ဟင်းသီးဟင်းရွက်လည်း မဝယ်စားနိုင်တဲ့အပြင် ဓာတ်ဆီလည်း မဝယ်နိုင်တော့တာကြောင့် စစ်ရှောင်တွေအနေနဲ့ အခက်အခဲ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။



