အာရက္ခပြည်၊ မြောက်ဦးခရိုင်အတွင်း ယာဉ်စည်းကမ်းချိုးဖောက်မှုများကို ထိန်းချုပ်နိုင်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပို့ဆောင်ရေးဌာန၊ မြောက်ဦးခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒဏ်ကြေးသတ်မှတ်ချက်များ ထုတ်ပြန်လိုက်သည်။အဆိုပါထုတ်ပြန်ချက်တွင် ဆိုင်ကယ်စီးနင်းရာမှာ ဦးထုပ်မဆောင်းခြင်း၊ လူနှစ်ဦးထက်ပိုစီးခြင်းနှင့် မိတ်သိုင်းကြိုးမတပ်ထားခြင်း၊လိုအပ်သည်ထက် အသံကျယ်အောင် မောင်းနှင်ခြင်းများအတွက် ဒဏ်ကြေး ၅,၀၀၀ ကျပ်စီ သတ်မှတ်ထားသည်။ထို့ပြင် ရက်အလွန်အကျွန်မူးပြီး ကားမောင်းပါက ဒဏ်ကြေး ၅၀,၀၀၀ ကျပ်၊ ဆိုင်ကယ်မောင်းပါက ၃၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။ ခြွင်းချက်အနေဖြင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များကို ဦးထုပ်ဆောင်း၍ တင်ဆောင်ခွင့်ပြုထားပြီး တရားခံဖမ်းဆီးလာခြင်း၊ လမ်းမလျှောက်နိုင်သည့်လူနာအား တင်ဆောင်ခွင့်တို့တွင် ၃ ဦး စီးနှင်းခွင့်ပြုထားသည်။ကားများအတွက်လည်း မီးနှင့် ဘရိတ်စနစ်များ မပြည့်စုံခြင်း၊ ယာဉ်မောင်းနှင့် လိုက်ပါသူများ ထိုင်ခုံခါးပတ် မပတ်ခြင်းတို့တွင် ဒဏ်ကြေး ၁၀,၀၀၀ ကျပ် ချမှတ်ထားပြီး ကုန်ပစ္စည်းတင်ဆောင်ရာ၌ ယာဥ်၏ရှေ့တွင် (၁)မီတာ (၃ ပေ ၃ လက်မခန့် )၊ နောက်တွင် (၂) မီတာ(၆ ပေ ၆လက်မခန့် )ထက် အစွန်းမထွက်မရစသည့် သတ်မှတ်စည်းကမ်းများကို မလိုက်နာပါက ဒဏ်ကြေး ၅၀,၀၀၀ ကျပ် ပေး ဆောင်ရမည်ဖြစ်သည်။ထို့အပြင် သုံးတန်ထက်ပိုသော ကားများသည် မြို့အတွင်းဝင်ရောက်၍ ကုန်ပစ္စည်းချပါက ဒဏ်ကြေး ၃၀၀,၀၀၀ ကျပ် သတ်မှတ်ထားသည်။ကုန်ပစ္စည်းတင်ဆောင်ရာတွင် (ဥပမာ- အုတ်၊သဲ၊ ကျောက် )အစရှိသည်များကို တင်ဆောင်ရာ၌ သေချာစွာဖုံးအုပ်ထားရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာလျှင် ဒဏ်ကြေး ၃၀,၀၀၀ ကျပ်စီ ပေး ဆောင်ရမည်ဖြစ်သည်။သုံးဘီးနှင့် ဘွဲတွဲဆိုင်ကယ်များအတွက်လည်း ရောင်ပြန်အင်္ကျီ မဝတ်ခြင်း၊ သတ်မှတ်နေရာမရပ်ခြင်းနှင့် သတ်မှတ်ထားသည့်ထိုင်ခုံထက်ပို၍ လူတင်ခြင်းများအတွက် ဒဏ်ကြေး ၁၀,၀၀၀ ကျပ် ချမှတ်ထားသည်။ထို့အပြင် ယာဉ်ခေါင်မိုးပေါ်တွင် ကုန်တင်ဆောင်ခြင်းကိုလည်း ဒဏ်ကြေး ၃၀,၀၀၀ ကျပ် သတ်မှတ်ထားသည်။ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း သို့မဟုတ် ဒဏ်ကြေးပေးဆောင်ရန် ငြင်းဆန်ပါက ယာဉ်အား ခေတ္တထိန်းသိမ်းထားမည်ဖြစ်ပြီး ပြစ်မှုဆိုင်ရာကိစ္စရပ်များ မပြီးမချင်း ပြန်လည်လွှတ်ပေးမည်မဟုတ်ကြောင်း သိရသည်။



