ဗလမင်းထင်တံတားအထက် နောင်းချိန်းကျေးရွာနှင့် လဘန်ကျေးရွာကြားရှိ ရွာချင်းဆက်လမ်း လမ်းဘေးဝဲယာတွင် ကုန်တင်ကားများရပ်နားထားသောကြောင့် သွားလာရခက်ခဲနေခြင်းဖြစ်သည်ဟု နောင်းချိန်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။ကုန်ကားများကို ဗလမင်းထင်တံတားမှ ဖြတ်သန်းသွားလာခွင့်ပိတ်ထားသောကြောင့် မြစ်ကြီးနားမြို့သို့ ကုန်ပစ္စည်းများတင်သွင်းရန် ကားအသေးများ၊ သုံးဘီးများဖြင့် သယ်ယူနေရခြင်းဖြစ်ပြီး လမ်းဘေးတွင်သာ ကုန်အတင်အချပြုလုပ်နေသောကြောင့် လမ်းပိတ်ကာ သွားလာရခက်ခဲနေခြင်းဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံမှဝင်ရောက်လာသည့် ကုန်စည်များကို အခွန်ကောက်ခံရန် ဗလမင်းထင်တံတားအနီးရှိ မိုင်းနားကျေးရွာ၊ ရွှေမိုးတောင်ဘုရားတောင်ခြေတွင် မိုင်းနားအခြေပြု ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ယာယီယာဉ်စစ်ဆေးရေးကွင်းကိုဖွင့်လှစ်ထားပြီး မတ်လ ၆ ရက်မှစတင်ကာ ကုန်နှင့် ကားများကိုစစ်ဆေးမှုများပြုလုပ်နေသည်။ရွာချင်းဆက်လမ်းဖြစ်ပြီး ခရီးသည်ယာဉ်နှင့် ကုန်ကားများအပြင် သဲကျောက်ကားများလည်း အဆက်မပြတ်ဖြတ်သန်းသွားလာနေသောကြောင့် ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားနေသောကြောင့် မိုးရာသီမရောက်မီ စနစ်တကျစစ်ဆေးကာ ဖြတ်သန်းသွားလာခွင့်ပြုစေလိုသည်ဟု နောင်းချိန်းကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ရွာလမ်းအတွင်း ကုန်ကားကြီးများ နေ့စဉ်ဖြတ်သန်းသွားလာနေသောကြောင့် လမ်းပျက်စီးသွားမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သူကပြောသည်။



