ထိုင်းနိုင်ငံက ထိပ်တန်းသတင်းဌာနတခုဖြစ်တဲ့ မန်နေဂျာအွန်လိုင်းနဲ့ ASTV သတင်းဌာန ထူထောင်သူ မီဒီယာသူဌေးကြီး ဆွန်ထိလင့်ထောင်းကွန်းကို တပါးသူအား အသရေဖျက်မှုနဲ့ ရာဇဝတ်မှုဆိုင်ရာတရားရုံးက ဆိုင်းငံ့မှုမရှိတဲ့ ထောင်ဒဏ် ၄ လ နဲ့ ဒဏ်ငွေ ဘတ် ၂ သန်းကို ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ရှပ်နီပါတီ အာဏာရစဉ်က လွှတ်တော်အမတ်ဟောင်းနဲ့ နိုင်ငံရေးရာဌာန ဒုအတွင်းရေးမှူးချုပ် နိုင်းထနကွန်းနန်ထိဟာ အင်ဒိုနီးရှားနိုင်ငံရှိ ဆီအုန်းပင်စိုက်ပျိုးရေးစီမံကိန်းမှာ အဂတိလိုက်စားသူ၊ ကရုန်းထိုင်းဘဏ် ချေးငွေကိစ္စမှာ မသမာမှုရှိပြီး တိုင်းပြည်ဝင်ငွေပါ ထိခိုက်စေတယ်၊ PTT ကုမ္ပဏီ စက်သုံးဆီရောင်းဝယ်ရေး၊ လေလံတင်တာမှာလည်း မသမာမှုရှိတယ် စသဖြင့် သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက်ချန်နယ် Sonthi Talk မှာ လွန်ခဲ့တဲ့ ၃ နှစ်က သတင်းသုံးသပ် ဝေဖန်ထုတ်လွှင့်ခဲ့ပါတယ်။ ဒါကြောင့် နိုင်းထနကွန်းက မကျေနပ်လို့ မဟုတ်မမှန် သတင်းလွှင့်ပြီး အသရေဖျက်မှုနဲ့ တရားစွဲထားကာ လျော်ကြေး ဘတ် သန်းပေါင်း ၅၀ ကိုပါ နစ်နာကြေးပေးဖို့ တောင်းဆိုထားပါတယ်။ နိုင်းဆွန်ထိဟာ စစ်ဆေးမေးမြန်းမှုတွေမှာ ကောင်းမွန်စွာ ပူးပေါင်းပါဝင်တာကြောင့် ထောင်ဒဏ် ၆ နှစ်မှ ၄ လထိ လျှော့ပေါ့ပေးလိုက်ပါတယ်။



