ရန်သူနိုင်ငံအဖြစ် တောင်ကိုရီးယားရဲ့ စစ်မှန်တဲ့အရောင်တွေ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူးလို့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိ တယောက်က ဧပြီ ၇ ရက်မှာ ပြောပါတယ်။ ဒါကြောင့် ဒရုန်းကျူးကျော်မှုနဲ့ပတ်သက်ပြီး မကြာသေးမီက အပြန်အလှန်ဆွေးနွေးမှုက ဆက်ဆံရေး တိုးတက်စေဖို့ တံခါးဖွင့်ပေးခဲ့တယ်ဆိုတဲ့ တောင်ကိုရီးယားအစိုးရရဲ့ အကောင်းမြင်မှုကို လျော့ပါးစေခဲ့ပါတယ်။ ဖြစ်ရပ်အပေါ် နောင်တရကြောင်း တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ရဲ့ ဖော်ပြချက်ကို မြောက်ကိုရီးယားအစိုးရက ရှားရှားပါးပါး လက်ခံခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးမားတဲ့ ညီမ ကင်မ်ယိုးဂျုံက အရင်ညက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ ပြေလည်စေရေး အချက်ပြမှုထက် တောင်ကိုရီးယားအစိုးရ အတွက် သတိပေးချက်တရပ်သာ ဖြစ်တယ်လို့ ဂျန်က ပြောပါတယ်။ မြောက်ကိုရီးယားက တောင်ကိုရီးယားအနေနဲ့ ထိတွေ့ဖို့ ကြိုးပမ်းချက်တွေကို ရှောင်ကြဉ်သင့် တယ်လို့ ထပ်ပြောနေတာပါ။



