ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် QR Code စနစ်ဖြင့် တစ်ပတ် ၂ ကြိမ် စက်သုံးဆီရောင်းချပေးရာတွင် ဆီလုံလောက်မှုမရှိဘဲ အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။ယင်းကဲ့သို့ QR စနစ်ဖြင့် တစ်ပတ် ၂ ကြိမ်သာ စက်သုံးဆီ ရောင်းချပေးမှုကြောင့် တန်းစီစောင့်ဆိုင်းရချိန် လျော့နည်းသွားသော်လည်း ကား/ဆိုင်ကယ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ရသည့် လုပ်ငန်းများ အတွက် ဓါတ်ဆီလုံလောက်မှုမရှိဘဲ ပြင်ပမှ ဈေးကြီးပေး ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
ယင်းကဲ့သို့ စက်သုံးဆီ မလုံလောက်သည့်အတွက် ပြင်ပမှ စက်သုံးဆီ ဝယ်ယူအသုံးပြုရာတွင် ဈေးကြီးပေး ဝယ်ရသည့်အပြင် ဆီအရည်အသွေး မပြည့်မီသည့်အတွက် ဆိုင်ကယ်အင်ဂျင် ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။ထို့အပြင် ဆိုင်ကယ်တစ်စီးလျှင် တစ်ပတ် ၈ လီတာကို ၂ ကြိမ်ခွဲပေးသည် ဆိုသော်လည်း မော်တော် ဆိုင်ကယ် ဆီတိုင်ကီများမှာ ၄ ဂါလံ မဆံ့သည့်အပြင် ဆီကျန်ရှိပါက ရရှိသင့်သည့် ဆီပမာဏ မရရှိဘဲ အခွင့်အရေး ဆုံးရှုံးနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။



