၂၀၂၆ ခုနှစ် ဆုန်ခရန်ကာလမတိုင်ခင် ထိုင်းနိုင်ငံတစ်ဝန်းမှာ အပူချိန် ၄၂ ဒီဂရီစဲလ်စီးယပ်စ်အထက်ထိ မြင့်တက်မယ့် အန္တရာယ်ရှိတဲ့ အပူလှိုင်းဒဏ်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အထူးသဖြင့် ဧပြီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ၄၀ ကနေ ၄၃ ဒီဂရီအထိ ရှိလာနိုင်ပြီး ဘန်ကောက်မှာလည်း ၄၁ ဒီဂရီအထိ ပူပြင်းနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ဒီလို အလွန်အမင်း ပူပြင်းတဲ့အပူချိန်ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန် ထိခိုက်စေနိုင်ပါတယ်။ အပူချိန် ၄၀ ဒီဂရီကျော်လာရင် ဦးနှောက်နဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ရည် ကျဆင်းလာပြီး ၄၁ ဒီဂရီကျော်ရင်တော့ ခန္ဓာကိုယ်က အပူချိန်ကို မထိန်းညှိနိုင်တော့ဘဲ အသက်အန္တရာယ်ရှိတဲ့ အပူလျှပ်တာ အထိ ဖြစ်ပွားနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
အပူဒဏ်ကြောင့် ကျန်းမာရေးတင်မကဘဲ လျှပ်စစ်မီးသုံးစွဲမှု မြင့်တက်တာ၊ လုပ်ငန်းခွင် စွမ်းဆောင်ရည်ကျတာနဲ့ စိုက်ပျိုးရေး ထိခိုက်တာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ အပြင်မှာ အလုပ်လုပ်ရသူတွေဟာ အန္တရာယ်အရှိဆုံး ဖြစ်နေပြီး ကွန်ကရစ် အဆောက်အအုံတွေ များတဲ့ မြို့ပြဒေသတွေမှာ အပူဒဏ်ကို ပိုပြီး ခံစားရနိုင်ပါတယ်။ မနက် ၉ နာရီကနေ ညနေ ၃ နာရီအတွင်း အပြင်ထွက်တာကို ရှောင်ကြဉ်ဖို့နဲ့ ရေကို တစ်နေ့ အနည်းဆုံး ၂ လီတာ သောက်ပေးဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ သင်္ကြန်အတွက် ပြင်ဆင်မှုတွေ လုပ်တဲ့အခါမှာလည်း အပူရှိန်ပြင်းတဲ့ အချိန်တွေကို ရှောင်ပြီး မနက်စောစော ဒါမှမဟုတ် ညနေပိုင်းမှသာ လုပ်ဆောင်ကြဖို့ သတိပေးထားပါတယ်။



