ဧရာဝတီတိုင်းဒေသကြီးရဲ့ တောင်ဘက်အစွန်း ပင်လယ်ပြင်ထဲက ဟိုင်းကြီးကျွန်းဟာ အရင်ကဆိုရင် ငါးဖမ်းစက်လှေတွေရဲ့ ခုတ်မောင်းသံတွေနဲ့ စည်ကားခဲ့ပေမယ့် အခုမူ တိတ်ဆိတ်ခြောက်ကပ်သွားပါပြီ။စက်သုံးဆီပြတ်တောက်ပြီး ဈေးအဆမတန် မြင့်တာလာတဲ့အတွက် ဒီဒဏ်ကို ဟိုင်းကြီးကျွန်းက ရေလုပ်သားတွေ၊လုပ်ငန်းရှင်တွေ ခါးစည်းခံနေကြရပြီ ဖြစ်ပါတယ်။လုပ်ငန်းရှင်တွေ ပြိုလဲတာဟာ အောက်ခြေရေလုပ်သားတွေရဲ့ ဝမ်းရေးကို တိုက်ရိုက် ရိုက်ခတ်နေပါတယ်။ လုပ်သက် ၂၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ ပိုက်ခေါင်းဆောင် ဦးသန်းနိုင်အတွက် ဒီအခြေအနေဟာ တသက်တာမှာ တခါမှ မကြုံဖူးတဲ့ ဘေးဒုက္ခလို့ ပြောပါတယ်။ “အခုတော့ ဆီစျေးကြောင့် ရေလုပ်ငန်းတွေပြိုလဲကုန်ပြီး ကျွန်တော်တို့လို ရေလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြပါပြီ။ တကျွန်းလုံးနီးပါး အလုပ်တွေ အကုန်ရပ်ကုန်တဲ့အတွက် ဒေသရဲ့စီးပွားရေးဟာ ဟိုးအောက်ဆုံးထိ ထိုးဆင်းသွားပါပြီ”လို့ဒေသခံတစ်ဦးက ပြောပါတယ်။



