ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သည် ယခု ၂၀၂၆ ခုနှစ် နွေရာသီတွင် ပြင်းထန်သော အပူရှိန်၊ နုန်းတင်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် အချို့နေရာတွင် ရေခမ်းခြောက်မှုအချို့နေရာတွင်ရေမကျသည့်ဖြစ်စဥ်ကို ရင်ဆိုင်နေရကြောင်း သိရသည်။အင်းလေးဒေသ၏ အသက်သွေးကြောဖြစ်သော အင်းခရမ်းချဉ်စိုက်ပျိုးရေးလုပ်ငန်းများမှာ ရေမရှိသဖြင့် ရပ်နားထားကြရပြီး နွေသီးနှံစိုက်ခင်းများစွာ ပျက်စီးဆုံးရှုံးလျက်ရှိသည်။ပုံမှန်အားဖြင့် ယခုကဲ့သို့ ဧပြီလတွင် ရေကျသဖြင့် နွေစပါးစိုက်ပျိုးကြသော်လည်း၊ ယခုနှစ်တွင် ရေမကျဘဲ နုန်းတင်မြေသားမြင့်နေသဖြင့် အပေါ်ပိုင်း အနည်းငယ်သာ စပါးစိုက်ပျိုးနိုင်သေးကြောင်း သိရသည်။ရာသီဥတု ပြောင်းလဲမှုနှင့် နုန်းမြေအနည်ကျမှုများကြောင့် သီးနှံထွက်နှုန်းမှာ သိသိသာသာ ညံ့ဖျင်းလာကြောင်း ဒေသခံတောင်သူများက ရင်ဖွင့်ကြသည်။ရေခမ်းခြောက်မှုကြောင့် စိုက်ပျိုးရေးသာမက၊ အင်းလေးဒေသရှိ သစ်သားအိမ်များတွင် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ရန်ပင် ရေမရှိသည့်အတွက် ဒေသခံများမှာ အလွန်စိုးရိမ်မကင်း ဖြစ်နေကြသည်။



