၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ဟိရိုရှီးမား အဏုမြူဗုံး အထိမ်းအမှတ်ပြတိုက်ကို လာရောက်လည်ပတ်သူ အရေအတွက်ဟာ ၂သန်း၅သိန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ဆက်တိုက် စံချိန်သစ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဧည့်သည်အရေအတွက် ၂သန်း ၅ သိန်း၈သောင်း(၂၅၈သောင်း) လောက်ရှိပြီး မနှစ်ကထက်စာရင် ၃သိန်း၁သောင်း(၃၁သောင်း) ကျော် ပိုများလာတာပါ။ ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာနဲ့ ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် နိုင်ငံခြားသားခရီးသွားတွေ ပိုဝင်လာတာဟာ အဓိကအကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံခြားသား ဧည့်သည်ကတင် ၉သိန်း ၄သောင်း ၅ထောင် (၉၄.၅သောင်း) လောက်ရှိပြီး ဒါဟာလည်း အရင်ကထက် အများဆုံးပါပဲ။ ဒါပေမဲ့ လူအလွန်အမင်း များပြားလာတဲ့အတွက် လူစုလူဝေးဖြစ်တာကို ဖြေရှင်းဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။



